ဂါဇာပဋိပက္ခမှာ သိသာတဲ့ တင်းမာမှု ပြေလျော့တာကို မျှော်လင့်တယ်လို့ အစ္စရေးကို ဂျိုးဘိုင်ဒင် ပြော 

ဂါဇာပဋိပက္ခမှာ သိသာတဲ့ တင်းမာမှု ပြေလျော့တာကို မျှော်လင့်တယ်လို့ အစ္စရေးကို ဂျိုးဘိုင်ဒင် ပြော 
Photo - AFP

မေ ၂၀

ဂါဇာမှာ အပစ်ရပ်ရေး ထဲထဲဝင်ဝင် ကြိုးပမ်းနေကြရတဲ့ အချိန်မှာပဲ ပါလက်စတိုင်းတွေနဲ့ စစ်ရေးထိပ်တိုက်တွေ့မှုမှာ သိသာတဲ့ တင်းမာမှု ပြေလျော့တာကို မျှော်လင့်ထားတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။ 

ပဋိပက္ခဖြစ်ပွားရာ ဂါဇာမှာ ကျယ်လောင်မြည်ဟည်းတဲ့ လေကြောင်းထိုးစစ်တွေနဲ့ ဒုံးကျည်ပစ်ခတ်မှုတွေ ဖြစ်ပွားနေဆဲ ဖြစ်ပြီး ပဋိပက္ခတွေ စတင်တဲ့ မေ ၁၀ ရက်စလို့ ပါလက်စတိုင်း ၂၂၇ ဦး သေဆုံးကြောင်း ဂါဇာကျန်းမာရေးဌာနက ပြောသလို အစ္စရေးမှာ ၁၂ ဦး သေဆုံးတယ်လို့ အစ္စရေးရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

“အပစ်ရပ် လမ်းကြောင်းပေါ်မှာ သိသာတဲ့ တင်းမာမှု ပြေလျော့တာတွေကို မျှော်လင့်ထားကြောင်းကို သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဝန်ကြီးချုပ် နေတန်ယာဟုကို အသိပေးခဲ့တယ်”လို့ တစ်ပတ်ကျော်လောက်အတွင်း လေးကြိမ်မြောက် ဖုန်းပြောဆိုကြပြီးနောက် အိမ်ဖြူတော်က ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ 

ဂါဇာမှာ ဗုဒ္ဓဟူးနေ့က သေဆုံးသူတွေထဲ မသန်စွမ်းတစ်ဦးရယ်၊ သူ့ရဲ့ ကိုယ်ဝန်သည်ဇနီးနဲ့ သူတို့ရဲ့ သုံးနှစ်သားကလေးတစ်ဦးလည်း အပါအဝင်ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။ 

သွေးချောင်းစီးတိုက်ပွဲတွေ တန့်ရပ်ရေး သံတမန်ရေး ပြင်းပြင်းထန်ထန် ကြိုးပမ်းနေကြပြီး ဂျာမနီက ဆွေးနွေးပွဲတွေအတွက် အစ္စရေးဆီ ထိပ်တန်းသံတမန် သွားရောက်နေပြီဖြစ်ကြောင်း ပြောပါတယ်။ 

ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာပဲ နေတန်ယာဟုဟာ ဂါဇာကမ်းမြောင်က အစ္စလာမ်အုပ်ချုပ်ရေး ဟားမတ်ဇ်အဖွဲ့နဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ ဟားမတ်ဇ်အဖွဲ့ဟာ မေ ၁၀ ရက်စလို့ အစ္စရေးဖက်ဆီ ဒုံးကျည် ၄၀၀၀ ဝန်းကျင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးက ပြောထားပါတယ်။ 

“ခင်ဗျားတို့အနေနဲ့ သူတို့ကို သိမ်းသွင်းနိုင်တာပဲ ဖြစ်ဖြစ် ဟန့်တားနိုင်တာပဲ ဖြစ်ဖြစ် လုပ်နိုင်ပါလိမ့်မယ်၊ ကျွန်တော်တို့ကတော့ အခုချိန်မှာ အင်အားသုံးပြီး အဟန့်အတား လုပ်ဆောင်နေရတာ ဖြစ်တယ်”လို့ နေတန်ယာဟုက နိုင်ငံခြားသံအမတ်ကြီးတွေကို ပြောပါတယ်။ 

“ဒါပေမဲ့ ကျွန်တော်တို့ ဘာကိုမှ ပစ်ပယ်မထားဘူးဆိုတာကိုတော့ ကျွန်တော် ပြောချင်တယ်”ဆိုပြီး သူက ဆိုပါတယ်။ 

အမည်မဖော်တဲ့ အစ္စရေး စစ်ဖက်တာဝန်ရှိသူတစ်ဦးကတော့ အစ္စရေးဟာ စစ်ဆင်ရေးတွေကို ဘယ်အခြေအနေမှာ ရပ်မလဲဆိုတာ သုံးသပ်နေတယ်လို့ ပြောဆိုပါတယ်။ 

“အပစ်ရပ်ဖို့ သင့်တော်တဲ့ အချိန်ကို ကျွန်တော်တို့ စဉ်းစားနေပါတယ်”လို့ အဲဒီ သတင်းရင်းမြစ်က ပြောပါတယ်။ 

ဟားမတ်ဇ်ရဲ့ စွမ်းရည်ကို လျှော့ချပစ်တဲ့ ရည်မှန်းချက် ပြည့်မြောက်မမြောက်နဲ့ ဟားမတ်ဇ်တွေအနေနဲ့ အစ္စရေးဆီ ဒုံးကျည်အတွဲလိုက်တွေ ထပ်ထပ်ပြီး မပစ်ခတ် မတိုက်ခိုက်နိုင်တော့ဘူးဆိုတာ နားလည်သွားပြီလားဆိုတာကို အစ္စရေးက အကဲခတ်နေတာပဲ ဖြစ်တယ်လို့ ၎င်းက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required