အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခက မထိန်းချုပ်နိုင်တဲ့ အကျပ်အတည်းဆီ ရောက်သွားနိုင်လို့ ကုလအတွင်းရေးမှူးချုပ် သတိပေး 

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခက မထိန်းချုပ်နိုင်တဲ့ အကျပ်အတည်းဆီ ရောက်သွားနိုင်လို့ ကုလအတွင်းရေးမှူးချုပ် သတိပေး 
Photo - AFP

မေ ၁၇

လူအသေအဆုံးများတဲ့ အစ္စရေး-ပါလက်စတိုင်း တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်က တနင်္ဂနွေနေ့မှာ မေတ္တာရပ်ခံပြီး တိုက်ပွဲတွေကြောင့် ဒေသဟာ မထိန်းချုပ်နိုင်တဲ့ အကျပ်အတည်းဆီ ဆိုက်ရောက်သွားရနိုင်တယ်လို့ လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ရပ်ကို သတိပေးလိုက်ပါတယ်။ 

“တိုက်ပွဲတွေ ရပ်ရမယ်၊ ချက်ချင်းကို ရပ်ပစ်ရမယ်”လို့ အစ္စရေးရဲ့ မဟာမိတ် အမေရိကန်ကြောင့် နှောင့်နှေးခဲ့တဲ့တဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ရပ် အဖွင့်မှာ သူက ပြောတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လူ ၂၀၀ နီးပါး သေဆုံးရတဲ့ ပဋိပက္ခတွေဟာ အတော်လေး ဆိုးဝါးလွန်းကြောင်းလည်း သူက ပြောဆိုပါတယ်။ 

“မထိန်းနိုင်တော့မယ့် လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားရေး အကျပ်အတည်းဆီ ဆိုက်ရောက်သွားစေနိုင်တယ်၊ အစွန်းရောက်ဝါဒီတွေကိုလည်း နောက်ထပ် မွေးဖွားလာစေနိုင်တယ်၊ သိမ်းပိုက်ခံ ပါလက်စတိုင်းနဲ့ အစ္စရေးမှာတင် မဟုတ်ဘဲ ဒေသတစ်ခုလုံးမှာ ဖြစ်သွားနိုင်တယ်”လို့ ဂူတာရပ်စ်က ပြောပါတယ်။ 

မတည်မငြိမ် ဖြစ်ချိန်ကစလို့ အဆိုးဝါးဆုံး လူသေဆုံးမှုဖြစ်တဲ့ ပါလက်စတိုင်း အယောက် ၄၀ သေဆုံးရတဲ့ တနင်္ဂနွေနေ့က တိုက်ခိုက်မှုသစ်တွေကို ဂူတာရပ်စ်က ရှုတ်ချခဲ့ပါတယ်။ 

“အသိတရားမဲ့တဲ့ သွေးထွက်သံယို သံသရာပဲ၊ အကြမ်းဖက်မှုနဲ့ ဖျက်ဆီးမှုတွေကို ချက်ချင်း ရပ်ပစ်ရမယ်”လို့ သူက ပြောပါတယ်။ 

ဂါဇာမှာ Al-Jazeer နဲ့ Associated Press သတင်းဌာန ရုံး ပျက်စီးပြိုကျခဲ့ရတဲ့ အစ္စရေးရဲ့ စနေနေ့ လေကြောင်းတိုက်ခိုက်မှုတစ်ရပ်ကိုလည်း သူက ထပ်ပြီး ဝေဖန်ပြစ်တင်ပါတယ်။ 

“ဂျာနယ်လစ်တွေဟာ အကြောက်တရား ကင်းကင်းနဲ့ အလုပ်လုပ်နိုင်ရမှာ ဖြစ်တယ်၊ ဂါဇာက မီဒီယာရုံးတွေကို ဖျက်ဆီတာကို အလွန်ပဲ စိုးရိမ်ပူပန်တယ်”လို့ ဂူတာရပ်စ်က ပြောပါတယ်။ 

ကမ်းရိုးတန်း ဂါဇာဒေသက ဟားမတ်စ်တွေဟာ ဂျေရုဆလင်မှာ ဂျူးနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေကို တုံ့ပြန်ပြီး ဒုံးကျည်တွေ ပစ်ခတ်ခဲ့တဲ့ နောက်မှာ အစ္စရေးက လေကြောင်းစစ်ဆင်တာ ဖြစ်ပါတယ်။ 

“တစ်ဖက်ကို ဒုံးကျည်တွေ၊ မော်တာတွေနဲ့ ပစ်နေတာတွေ၊ အခြားတစ်ဖက်ကို လေကြောင်းက ဗုံးကြဲနေကြတာတွေ ရပ်ကြပါ၊ ဒါကို လိုက်နာကြဖို့လည်း အားလုံးကို ကျွန်တော် မေတ္တာရပ်ခံပါတယ်”လို့ ဂူတာရပ်စ်က ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly