မြန်မာ့သစ်လုပ်ငန်းနှင့် ပုလဲလုပ်ငန်းကို အမေရိကန်က အရေးယူပိတ်ဆို့မှု ပြုလုပ်

မြန်မာ့သစ်လုပ်ငန်းနှင့် ပုလဲလုပ်ငန်းကို အမေရိကန်က အရေးယူပိတ်ဆို့မှု ပြုလုပ်
Photo - AFP

ဧပြီ ၂၂

မြန်မာစစ်အာဏာသိမ်းမှုအပေါ် နောက်ထပ် ဒဏ်ခတ်အပြစ်ပေးသည့်အနေဖြင့် မြန်မာ့သစ်လုပ်ငန်းနှင့် မြန်မာ့ပုလဲလုပ်ငန်းကို အရေးယူပိတ်ဆို့မှုများ ချမှတ်ကြောင်း အမေရိကန်က ဧပြီ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းမှုအတွက် မြန်မာအပေါ် နောက်ထပ် အရေးယူမှုများ ထပ်မံလုပ်ဆောင်ရန် ရှိကြောင်းလည်း ၀ါရှင်တန်က ပြောသည်။

မြန်မာ့သစ်လုပ်ငန်း (MTE) နှင့် မြန်မာ့ပုလဲလုပ်ငန်းတို့သည် အာဏာသိမ်းမြန်မာစစ်တပ်အတွက် ၀င်ငွေရှာပေးနေသည့် ရင်းမြစ်များ ဖြစ်နေသည့်အတွက် ယင်းတို့အပေါ် အရေးယူခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေး၀န်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာအာဏာသိမ်းစစ်အုပ်စုထံ ငွေကြေးစီးဆင်းသည့် လမ်းကြောင်းများကို ၀ါရှင်တန်ဘက်မှ ဆက်လက်ပစ်မှတ်ထား ပိတ်ဆို့သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်က ပြောသည်။

“ဒီ အာဏာသိမ်းမှုကို လက်မခံဘဲ ဆန့်ကျင်ဖို့ ကြိုးပမ်းလျက်ရှိတဲ့ မြန်မာပြည်သူတွေကို ကျွန်တော်တို့ ဆက်လက် ထောက်ခံအားပေးသွားမှာဖြစ်တယ်၊ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့၊ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေအားလုံးကို ပြန်လည်လွတ်မြောက်ဖို့နဲ့ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်လည် ရောက်ရှိစေဖို့အတွက် ကျွန်တော်တို့ တောင်းဆိုတယ်” ဟု ဘလင်ကန်က သီးခြားထုတ်ပြန်ချက်တစ်စောင်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly