Covax အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်း ချက်ချင်းလှူဒါန်းပေးဖို့ WHO က ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်း

Covax အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်း ချက်ချင်းလှူဒါန်းပေးဖို့ WHO က ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်း
Photo - AFP

မတ် ၂၈

အရေးတကြီး လိုအပ်ချက်ရှိတဲ့အတွက် ကမ္ဘာတ၀န်း ကိုဗစ်-၁၉ ကာကွယ်ဆေး သာတူညီမျှ ရရှိရေးအစီအစဉ် Covax ထံ ကာကွယ်ဆေးအလုံးရေ ၁၀ သန်း အမြန်ဆုံးလှူဒါန်းပေးကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲဖြစ်သူက ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။

ပိုမို ဆင်းရဲတဲ့ နိုင်ငံတွေ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ရရှိစေဖို့အတွက် Covax ထံ ကာကွယ်ဆေးတွေ လှူပေးဖို့ WHO အကြီးအကဲ တက်ဒရို့စ် အက်ဒ်ဟာနွန် ဂီဘရီယီဆက်စ်က သောကြာနေ့မှာ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
ယခုအချိန်မှာ Covax အတွက် ကာကွယ်‌ဆေး အလုံးရေ ၁၀ သန်း ချက်ချင်းလက်ငင်း လိုအပ်နေတယ်လို့ ၎င်းက ပြောခဲ့ပါတယ်။

ကမ္ဘာတ၀န်း ကာကွယ်ဆေးတွေ ရရှိဖို့ တက်သုတ်ရိုက် လုပ်ဆောင်နေမှုက Covax ဘက်က အားထားနေရတဲ့ ကာကွယ်ဆေး ပေးပို့ဖြန့်ချိမှုတွေကို နှောင့်နှေးစေခဲ့ကြောင်းနဲ့ ဒီအတွက်ကြောင့် ကာကွယ်ဆေးတွေ လှူဒါန်းဖို့ တတ်နိုင်တဲ့ နိုင်ငံတွေကို တိုက်တွန်းကြောင်း WHO အကြီးအကဲက ပြောသွားခဲ့ပါတယ်။

“ဆယ်သန်းဆိုတာက အများကြီးလည်း မဟုတ်ပါဘူး၊ ဒါကလည်း မလုံလောက်သေးပါဘူး၊ ဒါပေမယ့် ဒါက အစပဲ ရှိပါသေးတယ်၊ ခုချိန်မှာ Covax အတွက် ကာကွယ်ဆေးပမာဏ ဆယ်သန်း အ‌ရေးတကြီး လိုနေပါတယ်၊ အဲဒီပမာဏရရင်တော့ ခုချိန်ထိ ကာကွယ်ဆေးတွေ မရသေးတဲ့ နိုင်ငံ ၂၀ ဟာ လာမယ့် နှစ်ပတ်အတွင်း သူတို့ရဲ့ ကျန်းမာရေး၀န်ထမ်းတွေ၊ သက်ကြီးတွေကို ကာကွယ်ဆေးစတင်ထိုးနှံပေးနိုင်ပါလိမ့်မယ်၊ ဒါကြောင့်မို့ ခုလို တောင်းဆိုမှု လုပ်ရတာဖြစ်ပါတယ်” လို့ ၎င်းက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required