တိုင်းပြည်နှင့် လူထုကို မျက်နှာမူသော ကာချုပ် အလိုရှိသည်

တိုင်းပြည်နှင့် လူထုကို မျက်နှာမူသော ကာချုပ် အလိုရှိသည်

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ က အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့သည်။ အကျ အပေါက်တချို့ ရှိသော်လည်း တပြည်လုံံး အတိုင်းအတာနှင့် လွှမ်းခြုံကြည့်လျှင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဂုဏ်ထူးမှတ် ပေးထိုက်သည်။ လတ်တလော အခြေအနေကို ပြောခြင်းဖြစ် သည်။ ဇာတ်သိမ်း ပြောင်းသွားနိုင်သော အခြေအနေများကလည်း ရှိနေသေးသည်။ မြန်မာ့မျက်ေ မှာက် နိုင်ငံရေးကား ငြိမ်သက်နေသလောက် တစ်နေ့ရွှေ တစ်နေ့ငွေဟု ပြော၍ ရလောက်အောင် ရှုပ်ထွေးလှသည်။

မြန်မာ့သမိုင်းကို ပြန်လှန်ကြည့်လျှင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ခြောက်ကြိမ်မြောက် ကျင်းပသော လွှတ်တော်ရွေးကောက်ပွဲများ ဖြစ်သည်။ နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင် အဆက် ဆက်အောက်တွင် ပိပြားငြိမ်ဝပ်စွာ ရှင်သန် နေထိုင်ခဲ့ကြရသော မဲဆန္ဒရှင် ပြည်သူများသည် အခွင့်အ ရေးရသည်နှင့် စစ်အာဏာရှင်နှင့် အကြွင်းအကျန် အုပ်စုများအောက်မှ ရုန်းထွက်ရန် ကြိုးစားလိုက် ကြသည်။ ပြည်တွင်းနေ မဲဆန္ဒရှင်ချည်း သက်သက် မဟုတ်ဘဲ နိုင်ငံတကာရောက် မြန်မာများကပါ နိုးနိုးကြားကြားနှင့် ကြိုးစားကြသည်။ စင်ကာပူရောက် မြန်မာများသည် အကောင်းဆုံးသော ဥပမာ ဖြစ်သည်။

နိုဝင်ဘာ ၂၀ က နောက်ဆုံး ထုတ်ပြန်လိုက်သော ရလဒ်များနှင့် အပြီးသတ် စာရင်းချုပ်သော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)သည် တောင်ပြိုကမ်းပြို နိုင်ခဲ့သည်။ လွှတ်တော်သုံး ရပ်စလုံးတွင် ၈၀ ရာခိုင်နှုန်း ဝန်းကျင်ဖြင့် အင်န်အယ်လ်ဒီ နိုင်သည်။ အင်န်အယ်လ်ဒီသည်သာ တိုင်းပြည်နှင့် လူထု အနာဂတ်ကောင်းအောင်၊ ဘဝပြောင်းအောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ပြည်သူ များက တခဲနက် ယုံကြည်ကြသဖြင့်သာ ပုံလိုက်ကြခြင်း ဖြစ်သည်။

အင်န်အယ်လ်ဒီက အပြတ်အသတ် နိုင်သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတံတိုင်းက မြန်မာ့အနာဂတ် ဒီမိုကရေစီ ခရီးလမ်းတွင် ကျောက်စိုင်ကျောက်ခဲသဖွယ် တားဆီး ပိတ်ဆို့ထားသည်။ ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်တပ်က အသက်နှင့်ရင်းပြီး ကာကွယ်စောင့်ရှောက်မည် ဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို အခြေခံဥပဒေ ဘောင်အတွင်း သွတ်သွင်းထားသဖြင့် စစ်တပ်သည် အခွင့်အ ရေး များကို မဆုံးရှုံးချင်ပါ။ တိုင်းပြည်၏ အချုပ်အခြာအာဏာကို စစ်တပ်က မောင်ပိုင်စီးခြင်းကား ၂၁ ရာစု ယဉ်ကျေးသော လူမှုအသိုင်းအဝိုင်းတွင် မဖြစ်သင့်ပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူများသည် လက်မခံပါ၊ မလိုလားကြပါ။ စစ်အာဏာ ရှင်များသည် နိုင်ငံတကာဖြစ်ရပ်များ အပြောင်းအလဲတွင် သင်ခန်းစာ ကောင်းစွာယူပြီး ၎င်းတို့ သားစဉ် မြေးဆက် အာဏာလက်မလွတ်၊ မဆုံးရှုံးစေရန် နှစ်ပေါင်းများစွာ အချိန်ယူပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲခဲ့သည်။ တိုင်းပြည်တွင် လူတစ်သိန်းခွဲကျော် သေဆုံးပြီး၊ လူပေါင်း သန်းပေါင်းများစွာ ဘဝပျက်၊ စိတ်ဒုက္ခကိုယ်ဒုက္ခ ရောက်ချိန်တွင် ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေကို အချိန်မဆိုင်းဘဲ အသက်သွင်းခဲ့သည်။ စစ်တပ်မှ လုပ်နိုင်မည့်ကိစ္စမျိုးသာ ဖြစ်သည်။

အင်န်အယ်လ်ဒီအောင်ပွဲသည် လူထုအောင်ပွဲဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော် ပြောလိုက်ချိန်တွင် လူထုသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် စီမံခန့်ခွဲမည့် မြန်မာ ပြည်သစ်တွင် လူဖြစ်ချင်စိတ်များ တဖွားဖွား ပေါ်ကုန်ကြသည်။ တိုင်းပြည်သည် ဥုံဖွနှင့် မကောင်းနိုင် ကြောင်း သိကြသော်လည်း စစ်အာဏာရှင် အဆက်ဆက်နှင့် ၎င်းတို့၏ အကြွင်းအကျန်များ စီမံခန့်ခွဲ သော ကိုယ်ကျိုးရှာဆောင်ရွက်မှုများထက် များစွာ သာလွန်နိုင်ကြောင်းကို မှန်းဆမိပြီး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးမှာ အရေးမကြီးပါဟု ၎င်းကိုယ်တိုင်က ပြောဆိုထား သော်လည်း ပြည်သူအများစုက သူ့ကို သမ္မတအဖြစ် မြင်လိုကြသည်။ သို့သော် စစ်အာဏာရှင်များကို အခွင့်အရေးများစွာ ပေးထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒေါ်အောင်ဆန်းစုကြည်ကို ရော ပြည်သူလူထုကိုပါ ကြံ့ကြံ့ခံ ပိတ်ဆို့ထားသည်။ သို့ဆိုလျှင် ပြည်သူများမှာ ကျားသနားမှ နွားချမ်း သာကိန်း ဖြစ်နေတော့သည်။ မိမိတို့ပိုင်ဆိုင်သော အချုပ်အခြာအာဏာကို လက်နက်ဖြင့် ချုပ်ကိုင်အုပ် စီး အနိုင်ကျင့် ခံထားရသကဲ့သို့ ဖြစ်နေပေသည်။

စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြဋ္ဌာန်းထားသည့်အတိုင်း ပြင်ပါဟု အကြိမ်ကြိမ် အထပ်ထပ် မပြောင်းမလဲ ပြောသည်။ စစ်တပ်က အသက်ပေး ကာကွယ်မည့် ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေကို အဘယ်သူသည် ပြင်နိုင်အံ့သနည်း။ တစ်ဦးသာရှိသည်၊ သူသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ ဖြစ်သည်။

တိုင်းပြည်တွင် မြောက်များစွာသော ပြဿနာများ ရှိသည်မှန်သော်လည်း ပြည်သူများသည် နောင်နှစ်ပေါင်းများစွာ ကြာသည့်တိုင် ဒုံရင်းဒုံရင်း ဘဝနှင့်သာ နိဂုံးချုပ်ထိုက်သူများ မဟုတ်ပါ၊ တိုင်းပြည်နှင့် လူထုကို မျက်နှာ မူသော ဗိုလ်ချုပ်မှူးကြီးကို မြန်မာက အလိုရှိနေသည်ဟု မဇ္ဈိမက ယူဆသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly