ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်သည်ဟု NLD ယုံကြည်

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်သည်ဟု NLD ယုံကြည်

သူမ၏ ပါတီက ယခုလ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရပြီးနောက် မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံ၏သမ္မတ ဖြစ်လာရန်အတွက် စီမံနေသည်။

သူမမှာ နိုင်ငံခြားသားကို လက်ထပ်ခဲ့ပြီး သားနှစ်ယောက်မှာလည်း နိုင်ငံခြားသားများ ဖြစ်နေ သောကြောင့် ဖွဲ့စည်းပုံဥပဒေက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို တားဆီး ပိတ်ပင် ထားသည်။ သို့ရာတွင် သူမနှင့် သူမ၏ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကမူ ဇန်နဝါရီ လကုန်တွင် ကျင်းပမည့် လွှတ်တော်ညီလာခံတွင် သူမကို အဆိုပြုရန် ပြင်ဆင်နေသည်။

တစ်ချိန်တည်း မှာပင် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အာဏာလွှဲပြောင်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးကို ဆွေးနွေးရန်အတွက် လက်ရှိ နိုင်ငံ၏ ထိပ်တန်း ခေါင်းဆောင်များ ဖြစ်သော သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌ ဦးရွှေမန်း၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် မျက်နှာစုံညီအစည်းအဝေးများ ကျင်းပနိုင်ရန် ကြိုးစား နေသည်။

သမ္မတ အရည်အချင်း ကန့်သတ်ချက်များကို ပြဌာန်းထားသည့် ဖွဲ့စည်းပုံဥပဒေပုဒ်မ ၅၉(စ) ရှိနေသော်လည်း NLDကမူ ဒေါ်အောင်ဆန်းစုကြည် သမ္မတလုပ်နိုင်ရန်အတွက် နည်းလမ်း ရှာနေသည်။

“ဖြစ်နိုင်တဲ့နည်းလမ်းကို ရှာဖို့လိုအပ်တယ်” ဟု NLD နာယက သူရဦးတင်ဦးက ဘန်ကောက်ပို့စ် သို့  ပြောကြားခဲ့သည်။ ပါတီအတွင်းစည်းမှ လူများကမူ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ တင်မြောက်ရေး လမ်းပြမြေပုံသဖွယ်ဖြစ်သည့် Plan Zero ကို ရည်ညွှန်း ပြောကြားကြသည်။

ရွေးကောက်ပွဲရလဒ်ကို တရားဝင် မကြေညာရ သေးသော်လည်း၊ ရွေးကောက်ပွဲ ကော်မရှင်က တိုင်တန်းချက် ပေါင်းများစွာကို စဉ်းစားသုံးသပ် နေသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLDမှာ အောင်နိုင်သူများဖြစ်သည်မှာ သေချာနေခဲ့ပြီဖြစ်သည်။

၂၅ ရာခိုင်နှုန်းသော လွှတ်တော်အမတ်များမှာ ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်သည့် စစ်သားများ ဖြစ်သော်လည်း ကျန်အမတ်နေရာအားလုံး၏ ၈၀ ရာခိုင်နှုန်းကျော်ကို NLD က အနိုင်ရဖွယ် ရှိနေသည်။

“ဒီနေရာမှာ အမတ်အရေအတွက်က စကားပြောတယ်။ အခု NLDက မဲအားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်ကို ရနေပြီဆိုတော့ အနာဂတ်ကို ပုံဖော်နိုင်မယ့် အာဏာရှိနေပြီလို့ အဓိပ္ပာယ် ရပါတယ်” ဟု ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်း အကြီးအကဲ ဦးမြတ်သူက ပြောကြားခဲ့သည်။

လွှတ်တော် အမတ်အသစ်များဖြင့် လွှတ်တော် ကျင်းပသည့်အခါတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်က ဒုသမ္မတ တစ်ဦးစီ ရွေးကောက် တင်မြှောက်ရမည်ဖြစ်ပြီး စစ်အုပ်စုကလည်း သမ္မတလောင်းတစ်ဦးကို ရွေးချယ်မည်ဖြစ်သည်။

ထို့နောက် လွှတ်တော်နှစ်ရပ် ပူးတွဲညီလာခံက သမ္မတလောင်း သုံးဦးအနက် တစ်ဦးကို နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်မည်ဖြစ်သည်။ ဆိုလိုသည်မှာ NLDက ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တွင် သမ္မတလောင်းနှစ်ဦးကို အဆိုပြုမည်ဖြစ်ရာ သူတို့သဘောကျသည့် သမ္မတလောင်းက နောက်တက်မည့်သမ္မတဖြစ်လာဖို့ သေချာနေသည်။

“ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေချင်ကြတယ်။ ဒါက မှန်ကန် သင့်လျော်ပါတယ်။ သူမဟာ သမ္မတဖြစ်ဖို့ ထိုက်တန်ပါတယ်” ဟု ဦးတင်ဦးက ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံက သူမကို သမ္မတဖြစ်ခွင့် တားဆီး ပိတ်ပင်ထားသကဲ့သို့ ဖြစ်နေသော်လည်း ဤအတားအဆီးကို ကျော်လွှားနိုင့်သည့် နည်းလမ်းတစ်ခုတော့ ရှိသည်ဟု NLD ခေါင်းဆောင်က ပြောသည်။ ယင်းမှာ သူမ၏လမ်းတွင် ပိတ်ဆို့ကာဆီးနေသည့် ဤဥပဒေကို ယာယီဆိုင်းငံ့ (သို့မဟုတ်) ဖျက်သိမ်းထားဖို့ပင် ဖြစ်သည်။

၁၉၅၀ခုနှစ်များက ဦးနုအစိုးရ လက်ထက်တွင် ထိုစဉ်က စစ်တပ်အကြီးအကဲ ဦးနေဝင်းကို အိမ်စောင့် အစိုးရ ဝန်ကြီးချုပ်အဖြစ် အာဏာအပ်နှင်းရန် ထိုကဲ့သို့ လုပ်ဆောင်ခဲ့ရဖူးသည်ဟု ဦးတင်ဦးက ပြောသည်။  သို့ရာတွင် ဥပဒေကျွမ်းကျင်သူများကမူ ထိုကဲ့သို့ ခွင့်ပြုထားသည့် ဥပဒေမှာ ၁၉၄၈ ဖွဲ့စည်းပုံတုန်းက ဖြစ်ပြီး လက်ရှိဖွဲ့စည်းပုံ မဟုတ်ဟု ပြောကြသည်။

သမ္မတရုံးမှ သတင်းရင်းမြစ်များကမူ ယခုကိစ္စတွင် ဤဥပဒေပုဒ်မကို မည်သို့ အသုံးပြုနိုင်သည်ကို စဉ်းစား သုံးသပ်နေကြသည်ဟု ဆိုသည်။ စစ်တပ်က လက်ခံနိုင်သည့် အရာလည်း ဖြစ်ရမည်ဟု မြန်မာ ကျွမ်းကျင်သူများနှင့် နိုင်ငံရေး ဝေဖန်သုံးသပ်သူများက ပြောသည်။

“စစ်တပ် အကြီးအကဲနဲ့ အစိုးရ အာဏာပိုင်တွေက လက်ရှိ ဖွဲ့စည်းပုံကို ကာကွယ် ထိန်းသိမ်းဖို့ကို အလေးအနက် ထားကြတယ်” ဟု ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်းမှ ဦးမြတ်သူက ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောကြားချက်မှာ ထို့ထက်ပင် ပိုပါသေးသည်။ သူက စစ်တပ်အနေဖြင့် လက်ရှိဖွဲ့စည်းပုံကို အသက်နှင်လဲပြီး ကာကွယ်မည်ဟု ပြောပါသည်။ အချို့ကမူ ယင်းပြောဆိုချက်မှာ ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့်ပြုမည့် ဖွဲ့စည်းပုံပြောင်းလဲမှုကို လက်မခံ ငြင်းပယ်သည့် သဘောဟု ယူဆကြသည်။

သို့ရာတွင် ယခု တခဏအတွက်ပင်ဖြစ်စေ သူမကို ပိတ်ဆို့ကာဆီးထားသည့် ဥပဒေကို ယာယီ ဆိုင်းငံ့ထားနိုင်ခဲ့ပါက ၂၀၀၈ဖွဲ့စည်းပုံကို ရေးဆွဲခဲ့ကြသည့် နိုင်ငံ့ခေါင်းဆောင်များ၏ သဘောတူ ညီမှုကို ရရှိနိုင်ကောင်းသည်။

“အနာဂတ်တွင် အိန္ဒိယနိုင်ငံသားများနှင့် တရုတ်များကဲ့သို့သော နိုင်ငံခြားသားများကို တားဆီးရန် ၅၉(စ) ဆက်ရှိ နေသေးသရွေ့တော့ စစ်တပ်က လက်ခံနိုင်ကောင်းပါတယ်“ဟု အမည် မဖော်လိုသည့် သမ္မတရုံး သတင်းအရင်းမြစ် တစ်ခုက ပြောကြားသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ အစိုးရသစ်အတွက် ထိပ်တန်း ဦးစားပေးဖြစ်သည်ဟု NLDက ခိုင်မာ စွဲမြဲနေသော်လည်း ဦးတင်ဦးကဲ့သို့သော ပါတီခေါင်းဆောင်များကမူ ယင်းမှာ အချိန်ယူ၍ အသေးစိတ် ဆွေးနွေးရမည်ဖြစ်သောကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ နောက်တစ်ဆင့်ဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး နိုင်ငံရေး ဆွေးနွေးပွဲများ ပြီးမှသာ ဖြစ်နိုင်လိမ့်မည်ဟု ယူဆကြသည်။

ယခုလက်ရှိ ဒေါ်အောင်ဆန်းစုကြည်အတွက် လိုအပ်နေသည်မှာ အစိုးရအဖွဲ့မှ ထိပ်တန်း ပုဂ္ဂိုလ်သုံးယောက်နှင့် စားပွဲဝိုင်းထိုင်ကာ အာဏာလွှဲပြောင်းရေးကို ပုံဖော်ရန်ပင် ဖြစ်သည်။ စစ်တပ်က အစိုးရအဖွဲ့တွင် အတန်အသင့် သြဇာလွှမ်းမိုးမှု ရှိမြဲရှိနေဦးမည်ဖြစ်ပြီး ဒုသမ္မတတစ်ဦး၊ နယ်စပ်ရေးရာ၊ ကာကွယ်ရေးနှင့် ပြည်ထဲရေး ဝန်ကြီးသုံးကို ရွေးချခန့်အပ်ဦးမည်ဖြစ်သောကြောင့် အာဏာခွဲခြမ်းရေး အဆိုပြုရန်သာဖြစ်သည်ဟု ဦးမြတ်သူက ပြောသည်။

“ရှေ့ဆက်ပြီး ဘယ်လိုသွားမလဲဆိုတာ သူတို့ ဆွေးနွေးဖို့လိုတယ်။ အဲဒီလိုမှမဟုတ်ရင် မတည်ငြိမ်၊ မသေချာမှုတွေနဲ့ ဖွဲ့စည်းပုံ အကျပ်အတည်းတွေ့နိုင်တယ်”ဟု ဦးမြတ်သူက ပြောသည်။

NLDက လွှတ်တော်ကို အမတ်နေရာအများစုဖြင့် ထိန်းချုပ်ပြီး ပဲ့ကိုင်နေရာတွင် ရောက်ရှိ လာပြီဖြစ်သောကြောင့် အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် အဆိုပြုဖို့မှာ သေချာသလောက်ပင် ဖြစ်သည်။

သမ္မတသစ်တစ်ယောက် ရွေးချယ်ရသည့် လုပ်ငန်းစဉ်တွင် လွှွတ်တော်နှစ်ရပ်စလုံးအတွက် ဥက္ကဌနှင့် ဒုဥက္ကဌနှစ်ဦးစီကိုလည်း လွှတ်တော်က ရွေးချယ်ရမည်ဖြစ်သည်။ ထိုပုဂ္ဂိုလ် လေးယောက်ကမှ သမ္မတလောင်းများကို စစ်ဆေးရန်အတွက် စုံစမ်းရေးကော်မတီဖွဲ့ကာ လွှွှတ်တော်တွင်း မဲခွဲမှုကို ပြုလုပ်ရသည်။

ထိုပုဂ္ဂိုလ်၄ယောက်စလုံးမှာ NLD အမတ်များလည်း ဖြစ်နိုင်သကဲ့သို့ ရခိုင်၊ ရှမ်း (သို့မဟုတ်) ဇိုမီးကဲ့သို့သော အရွေးကောက်ခံ တိုင်းရင်းသားလူနည်းစု ကိုယ်စားလှယ်များလည်း ဖြစ်နိုင်သည်။

ထိုပုဂ္ဂိုလ်၄ယောက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားလွှတ်တော်အတွက် သမ္မတလောင်း အဖြစ် သဘောတူနိုင်သည့် အခွင့်အာဏာရှိမည်ဖြစ်ပြီး NLD၏ အများစုလွှမ်းမိုးမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ်လည်း ရွေးကောက်တင်မြှောက်နိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားမှုမှန်သမျှမှာ ဖွဲ့စည်းပုံရုံးတော်တွင် တရားရေး စိန်ခေါ်မှုတစ်ရပ်ဖြစ်သကဲ့သို့ စစ်ဦးစီးချုပ်က အခါအားလျော်စွာ အာဏာ သိမ်းမှုကိုလည်း လက်ရှိဖွဲ့စည်းပုံဥပဒေက ခွင့်ပြုထားသေးသည်။

နှစ်ခုစလုံးက နိုင်ငံကို ဖရိုဖရဲနှင့် မတည်မငြိမ်ဖြစ်စေနိုင်သည်။  ယင်းအချက်က မြန်မာနိုင်င ံအပေါ် နိုင်ငံတကာ၏ ထောက်ခံမှု အဆုံးသတ်သွားစေနိုင်ပြီး ပြုပြင်ပြောင်းလဲရေးမှာလည်း အများ စိုးရိမ်နေသလို နောက်ကြောင်းပြန်လှည့်သွားနိုင်သည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ခေါင်းဆောင်သုံးယောက် မျက်နှာစုံညီဆွေးနွေးရန်မှာ မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အသက်တမျှ အရေးကြီးလှသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းနှင့် တွေ့ဆုံခဲ့ပြီး ရှေ့ဆက်သွားမည့် လမ်းကြောင်း၊ NLD အစိုးရသစ်သို့ ငြိမ်းချမ်းချောမွေ့စွာ အာဏာလွှဲပြောင်းပေးရန် အရေးကြီးပုံတို့နှင့် ပတ်သက်၍ နှစ်ယောက်သား သဘောတူခဲ့ကြသည်ဟု ဆိုသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိဖွဲ့စည်းပုံနှင့် နိုင်ငံရေးစနစ်၏ ဗိသုကာ တစ်ဦးဖြစ်သည့် ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံရန်လည်း သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်ကို အကြံပြုတိုက်တွန်းခဲ့သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တွေ့ဆုံဆွေးနွေးရန် ကြိုးစားနေသည်မှာ ယခုဆိုလျှင် ရက်သတ္တ တစ်ပတ်ကျော်လာခဲ့ပြီဖြစ်သည်။ ဦးသန်းရွှေထံမှ တုန့်ပြန်မှုကို လက်ခံရရှိထားပြီဖြစ်သော်လည်း မည်သို့ သတင်းစကား ပါးလိုက်သည်ဆိုသည်ကိုမူ နှစ်ဖက်စလုံးက လျှို့ဝှက်ထားသည်ဟု ဆိုသည်။

တစ်ချိန်တည်းမှာပင် ဒေါ်အောင်ဆန်းစုကြည်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတ ဦးသိန်းစိန်တို့နှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ဖိအားပေးနေသည်။ သို့ရာတွင် နှစ်ဦးစလုံးက တရားဝင်ရွေးကောက်ပွဲရလဒ်များ ကြေညာပြီးမှ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဟု ပြောကြားထားသည်။

သမ္မတရုံး သတင်းရင်းမြစ်များ၏ ပြောကြားချက်အရမူ သမ္မတက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံရန် စိတ်စောနေသော်လည်း သူ၏လူရင်းအကြံပေးများက အချိန်စောင့်ရန် ဖိအားပေး နေကြသည်ဟု ဆိုသည်။

သို့ရာတွင် အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ကွာလာလမ်ပူ အေပက်အစည်းအဝေးတွင် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမြန်ဆုံးတွေ့ဆုံရန် သမ္မတဦးသိန်းစိန်အား တိုက်တွန်း ခဲ့သည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ခေါင်းဆောင်သုံးယောက် စုံညီအစည်းအဝေးမှာ အမြန်ဆုံး ဖြစ်လာဖွယ်ရှိနေသည်။

“ကျနော်တို့ စစ်တပ်နဲ့ ယုံကြည်မှုတည်ဆောက်ဖို့ လိုတယ်။ တဖြေးဖြေးနဲ့ ပညာသားပါပါ လုပ်ဖို့လိုတယ်။ ခေါင်းစဉ်တစ်ခုအောက်မှာ အဓိကပလေယာတွေ တစ်စားပွဲတည်းထိုင်ပြီး စကားပြောဖို့လိုတယ်“ဟု NLD နာယကကြီး ဦးတင်ဦးက ပြောကြားသည်။

 

ဤဆောင်းပါးရေးသူ လာရီ ဂျာဂန်မှာ မြန်မာ့အရေးကျွမ်းကျင်သူဖြစ်ပြီး BBC World Service ၏ အရှေ့တောင်အာရှဒေသဆိုင်ရာ သတင်းအယ်ဒီတာဟောင်း တစ်ယောက်လည်း ဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required