မြန်မာ အပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ အိန္ဒိယက နှစ်ပတ်အတွင်း ကိုဗစ်ကာကွယ်ဆေး ပို့မည် 

မြန်မာ အပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ အိန္ဒိယက နှစ်ပတ်အတွင်း ကိုဗစ်ကာကွယ်ဆေး ပို့မည် 
မြန်မာက ဝယ်ယူမည့် Covishield ကာကွယ်ဆေး (ဓာတ်ပုံ - PTI)

 ဇန်နဝါရီ ၁၉၊ ၂၀၂၁ 

ကာကွယ်ဆေး ဆက်နွှယ် သံတမန်ဆက်ဆံရေး တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာ အပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ အိန္ဒိယနိုင်ငံက ကိုဗစ်ကာကွယ်ဆေးကို သီတင်းနှစ်ပတ်အတွင်း ပေးပို့မည်ဖြစ်ကြောင်း သိရသည်။ 

ပထမဆုံးပို့မည့် အသုတ်တွင် အိန္ဒိယ၏ အနီးကပ်ဆုံး အိမ်နီးချင်းများဖြစ်သော မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ သီရိလင်္ကာ၊ အာဖဂန်နစ္စတန်၊ မော်လ်ဒိုက်ဗ်နှင့် မော်ရေးရှပ်စ်နိုင်ငံတို့ ဖြစ်ပြီး အဆိုပါနိုင်ငံများ၏ ကာကွယ်ဆေး ထိုးနှံပေးရေးကို အထောက်အကူ ပေးနိုင်မည်ဖြစ်ကြောင်း The Times of India သတင်းက ဖော်ပြသည်။ 

ယခု ပထမအသုတ်ပေးပို့သည့် ကာကွယ်ဆေးမှာ သံတမန်ရေးအရ ပို့ဆောင်ခြင်း ဖြစ်သော်လည်း နောက်ထပ် ဆေးများအတွက်မှု ဆီရမ် အင်စတီကျု (Serum Institute) သို့မဟုတ် ဘာရတ် ဘိုင်အိုတက်ခ် (Bharat Biotech) သို့ ငွေပေးချေပြီး ဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။ 

ကာကွယ်ဆေး ရရှိရေးအတွက် Serum Institute နှင့် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း မြန်မာအစိုးရက ကြေညာထားသည်။ မြန်မာအစိုးရသည် Serum Institute ထံမှ Covishield ကာကွယ်ဆေးကို လူဦးရေ ၁၅ သန်းအတွက် ဆေး သန်း ၃၀ ဝယ်ယူရန် စာချုပ် ချုပ်ဆိုထားသည်။ ကိုဗစ်ကာကွယ်ဆေးသည် တစ်ဦးလျှင် နှစ်ကြိမ် ထိုးနှံရမည်ဖြစ်သည်။  

အိန္ဒိယမှ ဆေးဝယ်ယူမည့် အိမ်နီးချင်းနိုင်ငံများအတွက် ဈေးတင်ရောင်းမည် မဟုတ်ဘဲ အိန္ဒိယနိုင်ငံတွင် သတ်မှတ်သည့် ဈေးနှုန်းအတိုင်းသာ ရောင်းချပေးမည်ဟုလည်း အိန္ဒိယအစိုးရ သတင်းရင်းမြစ်တစ်ခုက The Times of India သို့ ပြောထားသည်။ အဓိကအချက်မှာ ကာကွယ်ဆေးကို ပြည်ပသို့ မရောင်းချမီ အိန္ဒိယနိုင်ငံအတွက် လိုအပ်ချက် ပြည့်မီစေရန် ဖြစ်ကြောင်းလည်း သိရသည်။  

အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကို ဇန်နဝါရီလ ၁၆ ရက်နေ့ကစပြီး ထိုးနှံပေးနေရာ ပထမရက်တွင်ပင် အိန္ဒိယနိုင်ငံသား နှစ်သိန်းနီးပါးကို ထိုးနှံပေးပြီးဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required