အိန္ဒိယသံရုံးနှင့်ကောင်စစ်ဝန်ရုံးများအား ဆစ်ခ်ခွဲထွက်ရေးသမားများက အကြမ်းဖက်တိုက်ခိုက်မှုအပေါ် အမေရိကန် ရှုတ်ချ

By ANI
02 April 2023
အိန္ဒိယသံရုံးနှင့်ကောင်စစ်ဝန်ရုံးများအား ဆစ်ခ်ခွဲထွက်ရေးသမားများက အကြမ်းဖက်တိုက်ခိုက်မှုအပေါ် အမေရိကန် ရှုတ်ချ

အမေရိကန်အစိုးရသည် နိုင်ငံတွင်းရှိ အိန္ဒိယသံတမန်ရုံးများအား ဆန္ဒပြမှုအတွင်း ဖြစ်ပွားခဲ့သော ဆစ်ခ်လူမျိုးများ၏ အကြမ်းဖက်လုပ်ရပ်များကို ပြစ်တင်ရှုတ်ချလိုက်ပြီး အကြမ်းဖက်ခြိမ်းခြောက်သည့် ဆန္ဒပြမှုပုံစံမျိုးကို လက်မခံကြောင်းနှင့် ယင်းလုပ်ရပ်သည် အလွန်စိုးရိမ်စရာကောင်းကြောင်း ပြောကြားသည်။

ပန်ဂျက်ဒေသတွင် ဆစ်ခ်လူမျိုးများအတွက် ကိုယ်ပိုင်နယ်မြေနှင့်အချုပ်အခြာအာဏာရရှိရေးကြိုးပမ်းသော ခါလစ္စတန်လှုပ်ရှားမှုကို ထောက်ခံသူများသည် မတ်လ ၂၅ ရက်က အိန္ဒိယသံရုံးနှင့် အမေရိကန်ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး တာရာဂျစ်ဆင်းဆန္ဒူးတို့အား ဆန္ဒပြခြိမ်းခြောက်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဌာနက ယခုကဲ့သို့ တုံ့ပြန်လာခြင်းဖြစ်သည်။

မရိုးမသားပြုလုပ်မှုသည် အဆုံးသတ်တော့မည်ဖြစ်ကြောင်းနှင့် အိန္ဒိယသံအမတ်ကြီးအနေဖြင့် သမ္မတဟောင်း ဇေးဆင်း ၁၉၉၄ ခုနှစ်က ကြုံခဲ့ရသော မတော်တဆဖြစ်ရပ်မျိုး ရင်ဆိုင်ရနိုင်သည်ဟု သံရုံးအပြင်ဘက် လူစုလူဝေးအတွင်းမှ ဆန္ဒပြသူတစ်ဦးက သံအမတ်ကြီးအား ခြိမ်းခြောက်စကား ပြောခဲ့သည်။ 

အိန္ဒိယသံရုံးနှင့် ဆန်ဖရန်စစ္စကိုရှိ ကောင်စစ်ဝန်ရုံးပြင်ပတို့၌ ခါလစ္စတန်လှုပ်ရှားမှုကို ထောက်ခံသော ဆန္ဒပြပွဲများစွာ ပေါ်ပေါက်ခဲ့သည်။ ဆန်ဖရန်စစ္စကိုရှိ အိန္ဒိယကောင်စစ်ဝန်ရုံးသည် မတ်လ ၂၀ ရက်ကလည်း အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည်။ လူမှုမီဒီယာတွင် ပေါ်လာသော ဗီဒီယိုများ၌ ခါလစ္စတန်လှုပ်ရှားမှုကိုထောက်ခံသော ဆန္ဒပြသူများက ဆန်ဖရန်စစ္စကိုမြို့ရှိ ကောင်စစ်ဝန်ရုံးရှေ့တွင် စုဝေးခဲ့ကြပြီး ဆစ်ခ်ခွဲထွက်ရေးသမား အမ်ရစ်ပါလ်ကို ထောက်ခံသော ကြွေးကြော်သံများအော်ဟစ်ခဲ့ကြသည်။ 
နယူးဒေလီရှိ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက မတ်လအတွင်းဖြစ်ပွားခဲ့သော ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရေး လိုအပ်သောအစီမံများလုပ်ဆောင်ရန် အမေရိကန်အစိုးရကို တိုက်တွန်းခဲ့သည်။

“အမေရိကန်နိုင်ငံရေးဝန်ကြီးဌာနဟာ ဗီယင်နာကွန်ဗန်းရှင်းသဘောတူညီချက်တွေအရ သံရုံးတွေရဲ့ လုံခြုံရေးနဲ့ အတူလက်တွဲလုပ်နေတဲ့ သံတမန်တွေကို ကာကွယ်ဖို့ နိုင်ငံတွင်းက တရားဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအပါအဝင် သင့်လျော်တဲ့ ဆောင်ရွက်ချက်တွေလုပ်ဆောင်ဖို့ ကတိပေးထားပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ခါလစ္စတန်ထောက်ခံသူများက သတင်းထောက်များအား နှောင့်ယှက်ရမ်းကားမှုနှင့်ပတ်သက်၍ အမေရိကန်ပြောရေးဆိုခွင့်ရှိသူက “သတင်းထောက်တွေအပေါ် တိုက်ခိုက်တာကို လုံးဝလက်မခံပါဘူး။ တာဝန်ထမ်းဆောင်နေတဲ့ မီဒီယာသမားတွေကို အကြမ်းဖက်တဲ့ လုပ်ရပ်တွေနဲ့ သံတမန်အဆောက်အအုံတွေကို လက်သရမ်းဖျက်ဆီးတာတွေကို ရှုတ်ချပါတယ်” ဟု ပြောသည်။

ဝါရှင်တန်ဒီစီအခြေစိုက် အိန္ဒိယသတင်းထောက်တစ်ဦးသည် မတ်လ ၂၅ ရက်ညနေက အိန္ဒိယသံရုံးအပြင်ဘက်၌ ဆန္ဒပြပွဲအား သတင်းရယူနေစဉ် ခါလစ္စတန်ထောက်ခံသူများက ၎င်းအား ကိုယ်ထိလက်ရောက် စော်ကားကာ ဆဲဆိုခဲ့သည်။ အမေရိကန်ရှိ အိန္ဒိယသံရုံးက ထိုဖြစ်ရပ်ကို ပြစ်တင်ရှုတ်ချခဲ့သည်။

အကြီးတန်းသတင်းထောက်တစ်ဦးအပေါ် ထိုကဲ့သို့ မလိုလားအပ်သည့် စိုးရိမ်ဖွယ်ရာ တိုက်ခိုက်မှုမျိုးကို မိမိတို့အနေဖြင့် ပြစ်တင်ရှုတ်ချကြောင်း အိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့သည်။

အမေရိကန်ရှိ အိန္ဒိယသံရုံးအပြင်ဘက်တွင် ခေါင်းပေါင်း ပေါင်းထားသော အသက်အရွယ်စုံ ဆစ်ခ်လူမျိုးများ အပါအဝင် ရာနှင့်ချီသော ဆန္ဒပြသူများ စုဝေးခဲ့ကာ ခါလစ္စတန်လှုပ်ရှားမှုကို ထောက်ခံသော ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြသည်။ စုဝေးပွဲစီစဉ်သူများက အင်္ဂလိပ်နှင့် ပန်ဂျပ်စကား နှစ်ဘာသာဖြင့် အိန္ဒိယဆန့်ကျင်ရေး မိန့်ခွန်းများ ပြောကြားခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်သော ပန်ဂျပ်ပြည်နယ်မှရဲများကို ဝေဖန်ခဲ့ကြသည်။

အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သော ဗီဒီယိုများ၌ ဆန္ဒပြလူအုပ်ကြီးက သစ်သားတုတ်တိုင်များတွင် ခါလစ္စတန်အလံများတပ်ကာ ဝှေ့ယမ်းနေပြီး ၎င်းတုတ်များဖြင့် ကောင်စစ်ဝန်ရုံးအဆောက်အအုံ၏ မှန်တံခါးများနှင့် ပြတင်းပေါက်များကို ရိုက်ခွဲခဲ့ကြသည်။ ဆန်ဖရန်စစ္စကိုရှိ အိန္ဒိယကောင်စစ်ဝန်ရုံးအား ဆစ်ခ်ခွဲထွက်ရေးသမားများက တိုက်ခိုက်မှုအပေါ် အမေရိကန်အစိုးရက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး ယင်းအပြုအမူကို လုံးဝလက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required