ဖားကန့်တွင် ကျောက်စိမ်းကုမ္ပဏီစွန့်ပစ်မြေစာပြိုမှုကြောင့် သေဆုံးသူ ၉၇ဦးရှိပြီ

ဖားကန့်တွင် ကျောက်စိမ်းကုမ္ပဏီစွန့်ပစ်မြေစာပြိုမှုကြောင့် သေဆုံးသူ ၉၇ဦးရှိပြီ
ဓာတ်ပုံ-အီးပီအေ

ချင်းမိုင်၊ နိုဝင်ဘာ ၂၂ ။ ။ ကချင်ပြည်နယ် ဖားကန့်မြို့ရှိ ကျောက်စိမ်းကုမ္ဗဏီများ၏ စွန့်ပစ်မြေစာပြိုကျမှုတွင် နိုဝင်ဘာလ ၂၂ ရက် ညနေ ၅ နာရီချိန်ထိ သေဆုံးသူ ၉၇ လောင်း ရှိသွားပြီ ဖြစ်ပြီး ပျောက်ဆုံးနေသူများကို ဆက်လက် ရှာဖွေနေသည်ဟု လုံးခင်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ်မိုးလွင်က ပြောသည်။

“လောလောဆယ် အခုချိန်ထိ စုစုပေါင်း ၉၇ လောင်း။ အကုန်လုံး အသက်ရှင်တာ မရှိဘူး။ အကုန်လုံး သေဆုံးလူတွေ ပါဘဲခင်ဗျာ။ ဖားကန့်ဆေးရုံမှာ ပေးပို့ထားပါတယ်။ ဆက်လက် ရှာဖွေနေဆဲပါ။ တဲအဆောက်အအုံတွေ အလုံး ၃၀ လောက် မြှုပ်မယ်လို့ ခန့်မှန်းတယ်”ဟု လုံးခင်းရဲစခန်းမှ ဒုရဲအုပ် မိုးလွင်က ပြောသည်။

ကုမ္ပဏီများ စွန့်ပစ်မြေစာပုံ အနီး ရေမဆေးရှာဖွေသူများ နေထိုင်သည့် တဲများ ပြိုကျခဲ့သဖြင့် ကျား ၉၅ ဦး မ ၂ ဦး ရှာဖွေတွေ့ရှိပြီ ဖြစ်ကြောင်း သူက မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာလ ၂၁ ရက် မနက် ၃ နာရီချိန်တွင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လမောင်ကျေးရွာအနီး ကျောက်စိမ်း ကုမ္ပဏီများ၏ စွန့်ပစ်မြေစာပုံ ပြိုကျခဲ့သဖြင့် ရေမဆေးရှာဖွေသူများ မြေမြှုပ်ခဲ့သလို၊ တဲအလုံးပေါင်း ၃၀ ကျော်ခန့် မြေမြှုပ်ခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

ဖားကန့်ကျောက်စိမ်းကုမ္ဗဏီများ စနစ်တကျ မြေစာတွန်ချခြင်း မရှိသဖြင့် မြေစာပုံများပြားလာရာမှ မြေပြိုမှု မကြာခဏ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ဒေသခံ ဦးလမောင်လတောင်က ပြောသည်။

ဖားကန့်တွင် ကျောက်စိမ်းကုမ္ဗဏီများ စွန့်ပစ်သော မြေစာပုံများ မကြာခဏ ပြိုကျမှုတွင် လူသေဆုံးမှု အများအပြားရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required