“ပြည်ခိုင်ဖြိုးရှုံးတာ မီဒီယာကြောင့်လား”

“ပြည်ခိုင်ဖြိုးရှုံးတာ မီဒီယာကြောင့်လား”

ကိုမျိုးသန့်ရေ

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ရွေးကောက်ပွဲကြီးမှာ အင်န်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က အပြတ်အသတ် နိုင်တယ်ဆိုပြီး ပြောနိုင်သလို၊ ပြည်ခိုင်ဖြိုးပါတီ အပြတ်အသတ် ရှုံးသွားတယ် လို့လည်း ဆိုနိုင်ပါတယ်။ အခုနောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီ ရှုံးနိမ့်သွားရတာဟာ သတင်းမီဒီယာတွေကြောင့် လိုလို အသံ တွေ ထွက်လာတာ ကြားရပါတယ်။ တခြားကတော့ မဟုတ်ပါဘူး။ ပြည်ခိုင်ဖြိုး ပါတီ ဘက်ကပဲ ထွက်လာတာ ပါ။ အဲဒါ ဟုတ်သလားဆိုတာ ကျွန်တော် နည်းနည်း ဆွေးနွေးကြည့်ချင်ပါတယ်။

ထုံးစံအတိုင်း သတင်းမီဒီယာဆိုရင် ရေဒီယို၊ ရုပ်သံနဲ့ ပုံနှိပ် စာနယ်ဇင်း ခွဲပြောရမှာပါ။ ရေဒီယိုနဲ့ ရုပ်သံ ကတော့ အစိုးရကပဲ အပြည့်အဝ ထိန်းချုပ်ထားတာမို့ အဲဒီလို ပြောဆိုချက် မှန်မှာ မဟုတ်ဘူး ဆိုတာ လူတိုင်း နားလည်နိုင်ပါတယ်။ ဖြစ်ချင်းဖြစ် ပြည်ခိုင်ဖြိုးဘက်ကို မသိမသာ ဘက်လိုက်လို့ အခြားသော လွတ်လပ်တဲ့ စာနယ်ဇင်းတွေက ဝိုင်းအော်လိုက်ကြရသေးတယ် မဟုတ်ဘူးလား။

ဟုတ်ပါတယ်။ ပုံနှိပ်စာနယ်ဇင်းတွေကို ကြည့်လိုက်တော့လည်း သတင်းစာ ဂျာနယ်တွေမှာ ဒေါ်အောင် ဆန်းစုကြည် မဲဆွယ်စည်းရုံးရေး ခရီးစဉ် သတင်း၊ ဓာတ်ပုံ၊ သူဘာပြောသလဲဆိုတဲ့ သတင်း အဲဒါတွေက များနေပါတယ်။ များတယ်ဆိုတာက အဲဒီကာလ ဒေါ်အောင်ဆန်းစုကြည်ကလည်း ခရီးအလွန်ထွက်တာကိုး။ အဲ ပြည်ခိုင်ဖြိုးကလည်း လူထု စုဝေးပွဲကြီးတွေ လုပ်ပြီး ဟောကြ၊ ပြောကြပါရဲ့။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ လည်း သတင်းတွေ ဖော်ပြကြတယ် မဟုတ်လား။ ထုံးစံအတိုင်း သူတို့တွေ အပြောမတတ်တော့ အဆီအငေါ်မ တဲ့တဲ့ သတင်းတွေ ဖြစ်နေတာပေါ့ဗျာ။

ဖြစ်နိုင်ပါတယ်။ ပုံနှိပ် စာနယ်ဇင်းတစ်ချို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီဘက်ကို လိုက်နေ တယ်ဆိုတာ။ တစ်ချို့ စာနယ်ဇင်းတွေကဆို နောက်ဆုံး မဲပေးခါနီးမှာ အင်န်အယ်လ်ဒီပါတီကို မဲပေးပါဆိုပြီး ဗြောင်လှုံ့ဆော်တာပဲလေ။ တစ်ချို့ကျတော့ အရိပ်အကဲ ပါးတယ်။ သူတို့နဲ့ နီးစပ်သူတွေ အဆင်မပြေဖြစ်ကြ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ နိုင်ခြေရှိတယ်လဲ မြင်ရော ၊ဒေါ်စုထဘီနား ဗြောင်ကပ်လိုက်တာပဲ။ သတင်းစာ တစ်ခုလုံး နီကုန်တာပဲ။ ဒါမျိုးလည်း ရှိပါတယ်။

သတင်းစာ၊ ဂျာနယ် အများစုကတော့ အင်န်အယ်လ်ဒီ ဘက်ကရော၊ ပြည်ခိုင်ဖြိုးဘက်က သတင်းတွေ ကို ရရင်ရသလို ဖော်ပြပေးတာ ကျွန်တော် တွေ့ရပါတယ်။ ဒါပေမယ့်လည်း သတင်းစာ ဂျာနယ် လုပ်သူနေသူ တွေကလည်း ပြည်သူတွေဖြစ်၊ သာမန် ပုထုဇဉ်တွေ ဖြစ်နေကြလေတော့ မသိစိတ်ထဲမှာ ဘက်လိုက်မှုက တော့ ရှိကောင်းရှိမှာပေါ့။

ကိုမျိုးသန့်ရေ

တကယ့် အဓိကအချက်ကတော့ ပြည်ခိုင်ဖြိုးပါတီနဲ့ ပတ်သက်ပြီး စာနယ်ဇင်းသမားတွေအနေနဲ့ အကောင်းရေးပြစရာ သတင်းကောင်းက ရှားလို့လည်း ဖြစ်နိုင်ပါတယ်။ ကျန်တဲ့သူတွေ အသာထား လို့၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကထုတ်တဲ့ ဝါဒဖြန့် ပြည်ထောင်စု နေ့စဉ်သတင်းစာကို ပြန်ကြည့်လိုက်ပါလား။ အဲဒီ အချိန် ရေးသားဖော်ပြချက်တွေဟာ စုတ်ပြတ်သတ်နေတာပဲလို့ ပြောရင် ကျွန်တော် မလွန်ပါဘူး။ ဒေါ်အောင် ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီကို အလွန်အောက်တန်းကျတဲ့ နည်းနဲ့ တိုက်ခိုက်တာတွေ၊ ဘာသာရေး မှိုင်းတိုက်ပြီး မဟုတ်မမှန် ဖော်ပြတာတွေ၊ ဖေ့ဘုတ်ပေါ်က အရေမရ အဖတ်မရ ရေးတာတွေကို စာမျက်နှာ ပြည့် ဖော်ပြတာတွေကို တွေ့နိုင်ပါတယ်။ ပါတီကြီးတစ်ခုရဲ့ အဲလို ဝါဒဖြန့် သတင်းစာမှာတောင် အကောင်းရေး သားဖော်ပြတာ မတွေ့ရရင် အခြား စာစောင်တွေ ကနေဘာတွေ ဖော်ပြဖို့ မျှော်လင့်နိုင်မလဲနော။

တကယ့်တကယ်တော့ ပြည်ခိုင်ဖြိုး ခေါင်းဆောင်တွေဟာ ဒီမိုကရေစီ စနစ်၊ မဲရမှ တိုင်းပြည်ကို အုပ်ချုပ်ရမယ်ဆိုတဲ့ သဘော စတာတွေကို လုံးလုံး နားမလည်တာပါ။ အဲလို နားလည်ခဲ့မယ် ဆိုရင် ပြည်ခိုင်ဖြိုး ပါတီကို ပြည်သူတွေ ထောက်ခံလာအောင်၊ မဲပေးချင်လာအောင် အချိန်အများကြီးယူပြီး လုပ်ရပါလိမ့်မယ်။ နောက် တဆက်တည်း အဲဒီကောင်းတဲ့ လုပ်ရပ်တွေကို သတင်း မီဒီယာတွေက သတိပြုမိပြီး ကောင်းကောင်း ဖော်ပြလာအောင် ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ထောင်ထားဖို့လည်း လိုပါတယ်။

အဲ ပြည်ခိုင်ဖြိုး အမတ် အများစုဟာ တပ်မတော် စစ်ခေါင်းဆောင်တွေ ဖြစ်နေလေတော့ တပ်မတော်အပေါ် အမြင်ကောင်းအောင် လည်း လုပ်ထားဖို့ လိုပါလိမ့်မယ်။ ဒါပေမယ့် တပ်မတော် ဆိုတာက နိုင်ငံရေးပါတီ မဟုတ်တော့ အဲလိုလုပ်ဖို့ ခက်နေပါလိမ့်မယ်။ တစ်ဖက်က ပြန်စဉ်းစားရင် တပ်မတော်ဟာ နိုင်ငံရေးပါတီ မဟုတ်ပဲ နိုင်ငံရေးအလုပ်ကို လုပ်ရမှာ၊ အာရုံစိုက်ရမှာ ဖြစ်တဲ့အတွက် လမ်းလွဲကို ရောက်သွားနိုင်ပါတယ်။ ပြောရရင် ပြည်ခိုင်ဖြိုးပါတီ ရှုံးတာရတာဟာ ပြည်သူလူထု ထောက်ခံမှုရအောင်၊ မဲပေးချင်လာအောင် လုံး၀ (လုံးဝ) မတည်ဆောက် ခဲ့တာက အဓိက အချက်ပါပဲ။

အဲဒီထဲမှာ တပ်မတော်က ဝင်ပါနေရပြီး တပ်မတော်ဟာလည်း နိုင်ငံရေးပါတီ မဟုတ်တာက ဒုတိယ အချက်ပါ။ ကျန်အချက်တွေ အများကြီး ရှိနိုင်ပါသေးတယ်။ အချင်းချင်း ဂိုဏ်းကွဲပြီး အသေအကြေ တိုက်ခိုက်ကြတဲ့ ပြဿနာတွေလည်း ပါနိုင်ပါသေးတယ်။ ဒါတွေကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုသုတေသန ဌာနက ကောင်းကောင်း သုတေသနလုပ်ပြီး ပြုပြင်မယ်ဆိုရင်တော့ ၂၀၂၀ မှာ တကယ့် ပြည်သူ့မဲ နည်းနည်းပါးပါး ရလာနိုင်မှာ ဖြစ်ပါကြောင်း။

ကျန်းမာ ပျော်ရွှင်ပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required