အောက်တိုဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များ၏ ကြိုတင်မဲကို ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့က စတင်ပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက အိမ်တိုင်ရာရောက် ကောက်ယူခဲ့ကြသည်။
ကိုဗစ်-၁၉ ကပ်ဘေးကာလတွင် အိမ်တွင်သာ နေကြရန် Stay at Home သတ်မှတ်ထားသော မြို့နယ်များနှင့် လူဦးရေ ထူထပ်သော မြို့နယ်များ (၁ စတုရန်း ကီလိုမီတာတွင် ပျမ်းမျှလူဦးရေ ငါးထောင်ဦးနှင့် အထက်) တွင် နေထိုင်သော အသက် ၆၀ နှစ်နှင့် အထက်ရှိသူ မဲဆန္ဒရှင်များသည် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
Stay at Home သတ်မှတ်ထားသော မြို့နယ်များအပြင် ကျန်မြို့နယ်များတွင် နေထိုင်သော အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များအနေဖြင့်လည်း မဲရုံသို့ ကျန်းမာရေးကြောင့် ကိုယ်တိုင်လာရောက်၍ ဆန္ဒမဲမပေးနိုင်ပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲ ကောက်ယူပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ ကိုကိုးကျွန်းမြို့နယ်ကလွဲပြီး ကျန်မြို့နယ်အားလုံးတွင် မလိုအပ်ဘဲ အိမ်ပြင်မထွက်ရဆိုသည့် Stay at Home အမိန့်ထုတ်ပြန်ထားသည်။