နောက်ဆုံးတော့လည်း ကြီးလေးကြီးပါပဲ

နောက်ဆုံးတော့လည်း ကြီးလေးကြီးပါပဲ

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရပါတီဖြစ်လာသည့် လက်ရှိ အဓိက အတိုက်အ ခံပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီပါတီ) ဥက္ကဋ္ဌနှင့် လူထုခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ တိုင်းပြည်ခေါင်းဆောင် ကြီးသုံးကြီးနှင့် တွေ့ဆုံဆွေး နွေးလိုကြောင်း ရွေးကောက်ပွဲအပြီး နှစ်ရက်အကြာ နိုဝင်ဘာ ၁၀ က ထုတ်ဖော် ပြောကြားလိုက်သည်။

“နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲမှတဆင့် ဖော်ထုတ်ခဲ့သော လူထုဆန္ဒကို တည်ငြိမ်အေးချမ်း မှန်ကန်စွာ အကောင်အထည် ဖော်ခြင်းမှာ နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ပြည်သူပြည် သားများ၏ နှလုံးစိတ်ဝမ်း အေးချမ်းရေးအတွက် လွန်စွာမှ အရေးကြီးပါသည်” ဟု ဒေါ်အောင်ဆန်းစု ကြည်က သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သို့ ရေးသားပေးပို့သော စာများတွင် ရေးသားထားသည်။

တွေ့ဆုံရန် အချိန်ကိုလည်း များစွာ မကြာမြင့်စေဘဲ လာမည့် သီတင်းပတ်တွင်း တွေ့ဆုံလို ကြောင်း ဖော်ပြထားသည်ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်လွှတ်တော်နှင့် အစိုးရလုပ် ငန်းများနှင့် ပတ်သက်၍ တက်သုတ်ရိုက် ပြင်ဆင်ထားလိုပုံရသည်။ အာဏာ အလွှဲအပြောင်းတွင် ပြင်ဆင်ရမည်များ များစွာ ရှိနိုင်သည်ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်၏ တင်ကြိုဆောင်ရွက်ချက်မှာ အရေးကြီးပြီး အမှန်တကယ် လုပ်ဆောင်ရမည့် လိုအပ်ချက်လည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုစာကို သူရဦးရွှေမန်းနှင့် သမ္မတဦးသိန်းစိန်တို့က အနှေး အမြန် တွေ့ဆုံပါမည့်အကြောင်း ချက်ချင်းဆိုသလို တုံ့ပြန်ထားသည်မှာ ကောင်းမွန်သော ပူးပေါင်း ဆောင်ရွက်မှုပင် ဖြစ်သည်။ နောက်ဆုံးတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည် နှင့် လူထုမျက်နှာကိုမူ၍ အစဉ်တစိုက် တောင်းဆိုခဲ့သည့် ကြီးလေးကြီး တွေ့ဆုံပွဲသည် တစ်မျိုးတစ် ဘာသာဖြင့် ဖြစ်လာတော့မည်။ ဒေါ်အောင်ဆန်းစုကြည်၏ နောက်တွင် ပြည်သူတစ်ရပ်လုံး အားကောင်းမောင်းသန် ရှိနေကြောင်းကို နိုဝင်ဘာ ၈ သည် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ပြဆိုခဲ့သည်။

နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင် အဆက်ဆက်အောက်တွင် ပိပြား ငြိမ်ဝပ်စွာ နေထိုင် ရှင်သန်ခဲ့ရသော မဲဆန္ဒရှင်များနှင့် ပြည်သူတစ်ရပ်လုံးသည် လာမည့် လေးလခွဲအတွင်း တစ်ခါဖူးမှ စိတ်ကူးပင် မယဉ်ခဲ့ဖူးသော အဖြစ်အပျက်များကို မြင်တွေ့လာရဖွယ် ရှိသည်။ ပြည်သူများသည် တည်ငြိမ်သော အေးချမ်းသော ခေတ်မီဖွံဖြိုးသော မြန်မာနိုင်ငံကို ပိုင်ခွင့်ရှိသည်မှာ အမှန်ဖြစ်သည်။

ပြည်သူများ မလိုလား လက်မခံသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက အရမ်းကာရော ပေးထားသည့် အခွင့်အရေးများကို စစ်တပ်နှင့် လက်ရှိအာဏာရ အသိုင်းအဝိုင်းသည် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းနှင့် အင်န်အယ်လ်ဒီအစိုးရသစ် လက်ထက်တွင်လည်း ရယူခံစားနိုင်ခွင့် ရှိနေ သည်ဖြစ်ရာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို နောက်မတွန့်ဘဲ လက်ခံနိုင်ချေကလည်း ရှိနေ ပါသည်။

နိုဝင်ဘာ ၁၂ မှ စတင်ပြီး ပြည်သူများအတွက် ပျော်ရွှင်စရာကောင်းသော မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်သည် ရောက်လာပါတော့မည်။ ဗုဒ္ဓဘာသာဝင်အများစု မှီတင်းနေထိုင်ရာ မြန်မာ နိုင်ငံတွင် ကထိန်ပွဲများ ခင်းကျင်းပါတော့မည်။ ရွေးကောက်ပွဲရလဒ်နှင့်အတူ ပြည်သူများသည် အလှူ အတန်းများပြုရင်း ပျော်ရွှင်စရာကာလများ၊ တစ်ဦးနှင့်တစ်ဦး ငြိမ်းချမ်းချစ်ကြည်သည့် အပြုအမူ၊ အပြောအဆို၊ အတုံ့အပြန်များ လုပ်ရပါမည်။

ခေါင်းဆောင်များက တော်၊ တည့်၊ ထက်မြက်ကြသလို ဒေသတွင်းနှင့် နိုင်ငံတကာနှင့်ယှဉ်လျှင် ပညာရေး၊ ကျန်းမာရေးမှစကာ အဖက်ဖက်မှ နောက်ကျနေခဲ့သော မြန်မာနှင့် မြန်မာ့အနာဂတ် အတွက်ကောင်းမွန်စွာဖြင့် ပြောင်းလဲတိုးတက်ရန် အချိန်ကျပါပြီ။ ပြည်သူများ ပျော်ရွှင်ရန်မှာလည်း လတန်ဆောင်တိုင်နှင့်အပြိုင် အချိန်ကျပါပြီ။ အနှစ်နှစ် အလလက ပြည်သူများ မျှော်လင့်ခဲ့ကြ သည့် နိုင်ငံသားတစ်ဦးချင်း၏ အခွင့်အရေး များကို ပြည့်ပြည့်ဝဝ ဆောင်ယူနိုင်ပါရန် တိုင်းပြည်၏ခေါင်းဆောင် ကြီးလေးကြီးသည် လာမည့် လေးလအတွင်း ကောင်းစွာ ညီညွတ်စွာ စိတ်ဝမ်းနှလုံး တူမျှစွာဖြင့် ဆောင်ရွက်ကြပါမည့်အကြောင်း မဇ္ဈိမက တိုက်တွန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required