“ Fixer ”

ကိုမျိုးသန့်ရေ

မနက်ဖန်ဆို ရွေးကောက်ပွဲကြီး ကျင်းပပြီနော။ ဒီကနေ့တော့ ရွေးကောက်ပွဲမတိုင်ခင် အကြိုကာလ က အကြောင်းတွေ ကျွန်တော် ပြောပြချင်ပါတယ်။ သိတဲ့အတိုင်း ၂၀၁၅ မြန်မာ့ရွေးကောက်ပွဲ ဆိုတာဟာ ကမ္ဘာမှာကို စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတစ်ခု ဖြစ်နေတယ်နော။ အကြောင်းကတော့ တစ်ဦး တည်း စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေရာကနေ အရပ်သား အုပ်ချုပ်မှု ကိုသွေးထွက်သံယိုမှု မရှိ၊ ပဋိပ က္ခ ကြီးကြီးမားမား မရှိပဲ ကူးပြောင်းခဲ့တယ်ဆိုပြီး နာမည်ကောင်းရတဲ့ မြန်မာနိုင်ငံအတွက် ပထမ ဦးဆုံး သော ပါတီစုံပါတဲ့ ရွေးကောက်ပွဲကြီး ဖြစ်နေလို့ပါပဲ။

အဲလို စိတ်ဝင်စားစရာ ကောင်းလို့လဲ ကမ္ဘာ့ သတင်းဌာနကြီးတွေက သတင်းထောက်တွေ၊ အယ်ဒီ တာတွေ မြန်မာနိုင်ငံထဲကို ဝင်လာမစဲ တသဲသဲပဲပေါ့။ ကျွန်တော်သိသမျှ နာမည်ကြီး သတင်းဌာန အားလုံး လိုလောက် မြန်မာနိုင်ငံထဲဝင်ပြီး ရွေးကောက်ပွဲ သတင်းရယူကြတယ်ဗျ။ နိုဝင်ဘာ ၅ ရက်နေ့ ဒေါ်အောင် ဆန်းစုကြည် နေအိမ်မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာဆို ရာနဲ့ချီတဲ့ သတင်းဌာနက သတင်းထောက် တွေ တက်ရောက် သတင်းယူကြတယ်။ ကြိုတင်ဝင်ခွင့်ကဒ် လုပ်မထားလို့ ဝင်ခွင့်မရတဲ့ သတင်းဌာနက သတင်းထောက်တွေကလည်း ခြံအပြင်ဘက်မှာ အများကြီး။ ပြောချင်တာက ဒီ ရွေးကောက်ပွဲမှာ စောင့်ကြည့်ဖို့နဲ့ သတင်းယူဖို့ နိုင်ငံခြားသားတွေ အများကြီး မြန်မာပြည် ဝင်လာကြတယ်ဆိုတဲ့ သဘောပါ။

အဲလိုနိုင်ငံခြား သတင်းဌာနတွေ ပြည်တွင်းဝင် သတင်းရယူပြီဆိုကတည်းက သူတို့အတွက် အဓိ က လိုအပ်တာက ပြည်တွင်းက Fixer တွေပါ။ Fixer ဆိုတာ သတင်းဌာနက သတင်းထောက်တွေ သတင်းရယူရာမှာ အဆင်ပြေအောင် ဘက်စုံကနေ ကူညီပေးရသူပါ။ သူတို့ဟာ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စ ကား ကောင်းကောင်းတတ်ဖို့ လိုပါတယ်။ အင်္ဂလိပ်စကား တတ်ဖို့ ဆိုတာက သူတို့ သတင်း ယူရာမှာ စကားပြန် အဖြစ် ဆောင်ရွက်ပေးဖို့ပါ။ အင်္ဂလိပ်စာတတ်ဖို့ လိုတာကတော့ သူတို့မလာခင် အချိန်ဇယား၊ တွေ့ဆုံမယ့်သူတွေ၊ နောက်ခံအကြောင်းအရာ စတာတွေကို ကြိုတင်ပြင်ဆင် ညှိနှိုင်း ဆက်သွယ်ပေးပို့ဖို့ လိုလို့ပါပဲ။ နောက်ထပ် လိုအပ်ချက်ကတော့ သူတို့ တွေ့ချင်ဆုံချင်သူတွေကို တွေ့ဆုံခွင့်ရအောင် ဆက်သွယ် ဆောင်ရွက်ပေးရတဲ့ ကိစ္စပါ။ ဒီအတွက် Fixer မှာ အဆက်အသွယ်တွေ ရှိရပါတယ်။ နဂိုက သတင်းထောက်လောက ကျင်လည်ခဲ့သူတွေ အတွက်ဆိုရင်တော့ သိပ်မခက်ခဲပါဘူး။

တယ်လီဖုန်းနံပါတ် တွေ၊ တွေ့ဆုံရမယ့် နည်းနာတွေ စတာတွေကို ကျွမ်းကျင်ရပါတယ်။ နောက်ထပ် လိုအပ်ချက်က Fixer တွေအနေနဲ့ သတင်းစာပညာ တီးမိခေါက်မိ ရှိဖို့ပါ။ အကြောင်းကတော့ လာတဲ့သူတွေဟာ သတင်းလာ လိုက်တာ ဖြစ်တဲ့အတွက် သတင်းထောက် အတွေ့အကြုံရှိရင် သတင်းစာပညာ တီးမိခေါက်မိရှိရင် အဆင် ပြေပါတယ်။ နောက်ထပ် လိုအပ်ချက်ကတော့ နိုင်ငံရေး၊ စီးပွားရေး၊ သမိုင်း၊ လွှတ်တော်ဆိုင်ရာ စတာတွေ ကို တီးမိခေါက်မိဖို့ လိုပါတယ်။ အကြောင်းကတော့ နိုင်ငံခြား သတင်းထောက်တွေ မေးမြန်းတဲ့ အကြောင်း အရာတွေဟာ အဲဒီလို အကြောင်းအရာတွေ ဖြစ်တာကြောင့် အဲဒီကိစ္စတွေကို တီးမိခေါက်မိ မရှိရင် ကောင်းကောင်း စကားပြန် လုပ်နိုင်မှာ မဟုတ်လို့ပါပဲ။

ကိုမျိုးသန့်ရေ

Fixer တွေ ဘယ်လောက် ဝင်ငွေရတယ်ဆိုတာ သိရင် အံ့သြသွားပါလိမ့်မယ်။ ကျွမ်းကျင်တဲ့ နာမည်ရ Fixer တစ်ယောက်ဆိုရင် တစ်ရက်ကို ဒေါ်လာ ၂၅၀ နဲ့ အထက်ရပါတယ်။ အင်္ဂလိပ်စာ ကောင်းရုံလောက်ရှိတဲ့ ပုံမှန် Fixer တစ်ယောက်ဆိုရင် ဒေါ်လာ ၁၅၀ ကနေ ၂၀၀ အထိ ရပါတယ်။ တစ်ချို့တွေကတော့ အဲဒီထက် ရငွေနည်းပေမယ့် အားလုံး အနည်းဆုံး ဒေါ်လာ ၁၀၀ အထက် ရကြတာ ချည်းပါပဲ။ အဲတော့ အခု ရွေးကောက်ပွဲ အကြိုကာလမှာ လာလိုက်ကြတဲ့ နိုင်ငံခြား သတင်းဌာနတွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ မနည်းပါဘူး။ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်ကို မေးမြန်းကြည့်ရာမှာ နိုင်ငံခြား သတင်းဌာန ၁၇၆ ခုက သတင်းထောက်၊ အယ်ဒီတာပေါင်း ၅၇၅ ယောက်ကို ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။ ဆိုတော့ သူတို့တွေအတွက် Fixer တွေ ဘယ်လောက်လိုမလဲ စဉ်းစားသာကြည့်ပေတော့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဆီက အင်္ဂလိပ်စာတတ်တဲ့ လူငယ် လူရွယ်လေးတွေ အလုပ်အကိုင် အခွင့်အ လမ်း များများစားစား ရကြတာကိုတော့ ဝမ်းသာစရာပါ။ ဒါပေမယ့်ပေါ့နော- ပြောစရာလေးတွေတော့ ရှိပါတယ်။

ကိုမျိုးသန့် သိတဲ့အတိုင်း ရွေးကောက်ပွဲ အကြိုကာလ ပြည်တွင်းဝင်လာတဲ့ သတင်းဌာန တစ်ချို့ လည်း ကျွန်တော့်ကို လာတွေ့ကြပါတယ်။ သတင်းလာမေးတာ၊ သတင်းလာရိုက်ကူးတာ၊ သူတို့ လုပ်မယ့် သတင်းတွေအတွက် အကြံဉာဏ် လာတောင်းတာ စုံလို့ပါပဲ။ တစ်ချို့ရက် တစ်ရက်တည်းနဲ့ သတင်းဌာန ၄ ခု အထိတောင် လာတွေ့တာမျိုး ရှိပါတယ်။ အဲဒီအတွက် တစ်ခုတော့ ကောင်းပါ တယ်။ နိုင်ငံတကာ သတင်းဌာနတွေက လူတွေနဲ့ သိကျွမ်းရသလို၊ ကျွန်တော်တို့ နိုင်ငံထဲက ဘာတွေကို သူတို့ စိတ်ဝင်စားနေ သလဲ ကျွန်တော် သိခွင့်ရပါတယ်။ အထူးသဖြင့် ဘာသာပြန်ပေးတဲ့ Fixer တွေကို ကျွန်တော် မြင်တွေ့ခွင့် ရတာပါ။

စိတ်မကောင်းစရာ တစ်ခုကတော့ Fixer လူငယ် အတော်များများဟာ အရည်အချင်း မပြည့်မီကြ ပါဘူး။ တစ်ချို့ တော်တဲ့ Fixer တွေ ပါသလို အများစုက အနိမ့်ဆုံးအဆင့် အင်္ဂလိပ်စာ အရည်အချင်း တောင် အတော်နည်းတာ တွေ့ရပါတယ်။ ဒါဆို ဘာကြောင့် Fixer အလုပ် လုပ်ကြသလဲ မေးစရာပါ။ ကြည့်ရတာ ဝင်လာတဲ့ နိုင်ငံခြား သတင်းဌာနတွေက အလွန်များ၊ ပြည်တွင်းမှာလည်း Fixer တွေက မရှိတော့ သလောက် ဖြစ်သွားလို့ရတဲ့ Fixer တွေခေါ်ပြီးတော့ပဲ အလုပ်လုပ်ကြရတဲ့ သဘော ဖြစ်သွား လို့ပါ။ ကမ္ဘာမှာ အလွန်နာမည်ကြီးတဲ့ သတင်းဌာနတစ်ခုက ခေါ်လာတဲ့ Fixer တစ်ယောက်တောင် အင်္ဂ လိပ်စာ သိပ်မတတ်၊ ပြောဆိုတဲ့ နိုင်ငံရေးဆိုင်ရာ အကြောင်းအရာ ဘာမှ သိပ်မသိတာ တွေ့ရတော့ ကျွန်တော်တောင် အတော်အံ့သြသွားပါတယ်။ တစ်ပြိုင်နက်တည်း စိတ်ပူတာက ဒီကသတင်းတွေ အဲဒီ သတင်းဌာနတွေက ထုတ်လွှင့်တဲ့အခါ အရည်အသွေး မပြည့်မီ၊ တစ်ချို့ မှားယွင်းသွားမှာကိုပါပဲ။

ပြောရရင် တိုင်းပြည်မှာ ပညာ အရေးကြီးကြောင်း နားလည်ကြဖို့ အချိန်တန်ပြီ ဆိုတာပါ။ စော     စောက ကျွန်တော်ပြောခဲ့သလို အင်္ဂလိပ်စာတတ်၊ ဂျာနယ်လစ်ဇင် တီးမိခေါက်မိ၊ အဆက်အသွယ်လေး နည်းနည်းရှာတတ်တယ် ဆိုရင်ကိုပဲ မြန်မာပြည်မှာ Fixer လုပ်စားလို့ရပါတယ်။ တစ်ရက် ဒေါ်လာ ၂၀၀ ဝန်းကျင်ဆိုတာ ဒီက အငယ်တန်း သတင်းထောက် တစ်လ ကျပ် နှစ်သိန်းလောက် လစာနဲ့ဆို များတောင် များနေပါသေးတယ်။ နောင်ဆို Fixer အလုပ်တင်မက အခြားအင်္ဂလိပ်စာ တတ်မှ၊ ကျွမ်းကျင်မှု တစ်ခုခုရှိမှ ဖြစ်မယ့် အလုပ်အကိုင်တွေ အများအပြား ပေါ်ပေါက်လာပါဦးမယ်။ ပညာသာ တတ်လို့ကတော့ ဒီတိုင်း ပြည်မှာ အလုပ်အကိုင် မရှားနိုင်ပါဘူး။ ဒီအတွက် ကျွန်တော်ကတော့ ကြုံတိုင်းဆုံတိုင်း လူငယ်လူရွယ်တွေ ကိုရော မိဘ လုပ်သူတွေကိုပါ ပညာကို အရေးထားကြပါ၊ ဘယ်လို အခြေအနေ ရောက်ရောက် ပညာ တတ်အောင် ကြိုးစားသင်ကြပါ ဆိုပြီး တိုက်တွန်းနေရတာ ဖြစ်ကြောင်းပါဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required