တရုတ်နိုင်ငံပြည်နယ်အချို့၌ တောရိုင်းတိရစ္ဆာန်မွေးမြူရေး စွန့်လွှတ်သူများအား လျော်ကြေးပေးရန်စီစဉ်

တရုတ်နိုင်ငံပြည်နယ်အချို့၌ တောရိုင်းတိရစ္ဆာန်မွေးမြူရေး စွန့်လွှတ်သူများအား လျော်ကြေးပေးရန်စီစဉ်
Photo - AFP

ဘေကျင်း၊ မေ ၂၂

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် တရားမဝင် တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှုကိုချေမှုန်းရန် ဖိအားများမြင့်တက်လာစဉ်တွင် တရုတ်နိုင်ငံ ပြည်နယ်အချို့၌ အဆိုပါတောရိုင်းတိရစ္ဆာန်မွေးမြူရေးကို စွန့်လွှတ်သည့် စိုက်ပျိုးမွေးမြူရေးသမားများကို အာဏာပိုင်များက လျော်ကြေးငွေများပေးအပ်သွားမည်ဟုဆိုသည်။

တောရိုင်းတိရစ္ဆာန်မွေးမြူသည့်အလေ့အထကို ဖြတ်တောက်ရန် မွေးမြူရေးသမားများထံမှ တောရိုင်းတိရစ္ဆာန်များအားလုံးဝယ်ရန် အာဏာပိုင်များက ကတိပြုခဲ့ကြသည်ဟု တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများက ဆိုသည်။

တိရစ္ဆာန်မှလူသို့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ခဲ့သည်ဟုဆိုကာ တရုတ်တွင် မကြာသေးမီလများက စားသောက်ရန်အတွက် တောရိုင်းတိရစ္ဆာန်များရောင်းချခြင်းကို တားမြစ်ခဲ့သော်လည်း သုတေသနနှင့်ရိုးရာဆေးနည်းဖော်စပ်ခြင်း စသည့်ရည်ရွယ်ချက်များအတွက် တရားဝင်ကုန်သွယ်မှု ပြုနေဆဲဖြစ်သည်။

သေစေတတ်သော ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံအလယ်ပိုင်းဝူဟန်မြို့တွင် စတင်တွေ့ရှိခဲ့ပြီး ကမ္ဘာအဝှမ်းသို့မပျံ့နှံ့မီ လင်းနို့မှ လူသို့ကူးစက်ခဲ့ကြောင်း ယုံကြည်ထားကြသည်။

တရုတ်နိုင်ငံအလယ်ပိုင်း ပြည်နယ်နှစ်ခုတွင် မွေးမြူရေးသမားများ တခြားအသက်မွေးဝမ်းကျောင်းပြောင်းနိုင်ရေးအတွက် ၎င်းတို့ထံမှ တောရိုင်းတိရစ္ဆာန်များ အပြတ်ဝယ်ယူခြင်း အစီအစဉ်အသေးစိတ်ကို ရေးဆွဲပြီးဖြစ်သည်။ အခြား ကျွဲ၊ နွားတိရစ္ဆာန်များကို မွေးမြူရန် သို့မဟုတ် လက်ဖက်နှင့် ဆေးဘက်ဝင်အပင်များစိုက်ပျိုးထုတ်လုပ်ရေးအတွက် မွေးမြူရေးသမားများအား ဖျောင်းဖျသွားရန် ဟူနန်ပြည်နယ်တွင် အလျော်ပေးခြင်းအစီအစဉ်ကို သောကြာနေ့က စတင်ခဲ့သည်။

ကြွက်မြွေ၊ အခြားကြွက်မြွေများကို မြိုသည့် ကြွက်မြွေဘုရင် ၊ မြွေဟောက်စသည်တို့ကို တစ်ကီလိုဂရမ်လျှင် ယွမ် ၁၂၀ (အမေရိကန်ဒေါ်လာ ၁၆) ဖြင့်လည်းကောင်း၊ ကြွက် တစ်ကီလိုလျှင် ၇၅ ယွမ်ဖြင့်လည်းကောင်း အပြတ်ပေးဝယ်မည်ဖြစ်သည်။

SARS ဗိုင်းရပ်စ်ပိုးကိုသယ်ဆောင်သည်ဟု ယုံကြည်ရသော ကြောင်ကတိုးတစ်ကောင်လျှင် ယွမ် ၆၀၀ ပေးမည်ဖြစ်သည်။ လိုင်စင်ရမွေးမြူရေးသမား ၂ ၃၀၀ ခန့်ရှိသည့် ကျန်ရှီးပြည်နယ်တွင်တွင်လည်း တောရိုင်းတိရစ္ဆာန်မွေးမြူခြင်းကို စွန့်လွှတ်ခိုင်းပြီး ငွေကြေးကူညီမည့် အစီအစဉ်များ ထုတ်ပြန်ခဲ့သည်။

၎င်းတို့မွေးမြူထားသော တောရိုင်းတိရစ္ဆာန်များ၏တန်ဖိုးမှာ ယွမ်ပေါင်း  ၁.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၂၅ သန်း) ရှိသည်ဟု ကျန်ရှီးနေ့စဉ်သတင်းစာတွင်ဖော်ပြထားသည်။ ဟူနန်နှင့် ကျန်ရှီးပြည်နယ်များသည် တောရိုင်းတိရစ္ဆာန်အဓိကမွေးမြူသောပြည်နယ်များဖြစ်ပြီး ကျန်ရှီးသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း တိရစ္ဆာန်ကုန်သွယ်မှု လျင်မြန်စွာ တိုးချဲ့ခဲ့ကြောင်း တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများအဖွဲ့ Humane Society International (HSI) က ပြောသည်။ ၂၀၁၈ ခုနှစ် ရောင်းဝယ်မှုတွင် ယွမ် ၁၀ ဘီလီယံအထိပင် ရခဲ့သည်ဟုဆိုသည်။ တိရစ္ဆာန်များကို သားငါးဈေးသို့မပို့ပါက မွေးခွင့်ပြုမည်ဟု ဟူနန်မှ မွေးမြူရေးသမားများကို အခွင့်အရေးပေးထားသည်။

ယခုလိုအစီအစဉ်မျိုးကို တစ်နိုင်ငံလုံးတွင် လုပ်ဆောင်သွားသင့်သည်ဟု  HSI  China မူဝါဒအထူးကျွမ်းကျင်သူ Peter Li က AFP ကိုပြောသည်။ ဘေကျင်းအစိုးရသည် SARS ရောဂါဖြစ်ပွားပြီးနောက်ပိုင်း တောရိုင်းတိရစ္ဆာန်ရောင်းဝယ်ခြင်းနှင့် စားသုံးခြင်း တားမြစ်ရေးစီမံချက်များအကောင်အထည်ဖော်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

“ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်တုန်းကလည်း ဝက်ဝံလိုမျိုး တောရိုင်းတိရစ္ဆာန်မွေးမြူတဲ့လုပ်ငန်းတွေကို တန်ရာတန်ကြေးပေးဝယ်ပို့ တရုတ်အစိုးရကို လူအများက တိုက်တွန်းခဲ့ကြဖူးပါတယ်။ ဒါ အစိုးရအနေနဲ့ ပထမဆုံးလုပ်ဆောင်တာပါ။ ဒီလိုနည်းနဲ့ တခြားတိရစ္ဆာန်ရောင်းဝယ်မှုတွေကိုလည်း တစ်စတစ်စ ရပ်တန့်သွားဖို့ လိုပါတယ်”ဟု Li  ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required