အပစ်ရပ်အဖွဲ့များ နိုင်ငံရေး မူဘောင်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

အပစ်ရပ်အဖွဲ့များ နိုင်ငံရေး မူဘောင်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့ ခေါင်းဆောင်များက ပူးတွဲ စောင့်ကြည့်ရေးနှင့် နိုင်ငံရေးမူ ဘောင်ဆိုင်ရာမူဘောင်နှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၅ ရက်တွင် စတင်ကျင်းပနေပြီ ဖြစ်သည်။ 

 “NCA ပူးတွဲစောင့်ကြည့်ရေးနှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးရေး ပူးတွဲကော်မတီ-UPDJC (Union Peace Dialogue Joint Committee)နှင့် အပစ်အခတ် ရပ်စဲရေးစာချုပ် ပူးတွဲ စောင့်ကြည့်ရေးကော်မတီ JMC (Joint Monitoring Committee)မှ ကိုယ်စားလှယ်များ တက်ရောက်နေခြင်း ဖြစ်သည်။ 

NCA လက်မှတ်ရေးထိုးပြီးနောက် ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏  သတ်မှတ်ထားသည့် ရက်ပေါင်း ၃၀ အတွင်း အကောင်အထည်ဖော်နိုင်ရန်နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဆိုင်ရာမူဘောင်အား သတ်မှတ်ထားသည့် ရက်ပေါင်း ၆၀ အတွင်း အပြီးရေးဆွဲနိုင်ရန်အတွက် အကောင်အထည်ဖော်နိုင်ရန် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ဖြစ်သည်ဟု UPDJC အတွင်းရေးမှူး ဒေါက်တာ ဆလိုင်း လျှန်မှုန်းဆခေါင်းက ပြောသည်။ 

“အန်စီအေကို တိကျစွာအကောင်အထည်ဖော်နိုင်ဖို့ ဖြစ်တယ်။ ဂျီအမ်စီကို ရက်ပေါင်း ၃၀ အတွင်းမှာဖွဲ့စည်းထားတာရှိတယ်။ ဒါပေမဲ့ ကိုးကားရမဲ့ ၊ လုပ်ဆောင်ရမဲ့၊ လုပ်ပိုင်ခွင့်တွေက နိုင်ငံတကာ စံချိန်စံညွန်းနဲ့ ကိုက်ညီမညီ သုံးသပ်တယ်။ ပြီးတော့ အဲ JMC နဲ့ UPWJMC မှာပါဝင်ပတ်သက်မဲ့ ခေါင်ဆာင်တွေအနေနဲ့ ဒီလုပ်ငန်းတွေကို ကျွမ်းကျင်နားလည်ပြီးတော့ တကယ် အလုပ်လုပ်တဲ့အခါ ထိထိရောက်ရောက်နဲ့ ကျနော်တို့ သတ်မှတ်တဲ့အချိန်အတွင်းမှာ ဆောင်ရွက်နိုင်ဖို့အတွက် စီစဉ်တာ ဖြစ်ပါတယ်”ဟု သူက သတင်းထောက်များကို ပြောကြားခဲ့သည်။

NCA လက်မှတ်ရေးထိုးပြီးသော အဖွဲ့နှင့် လက်မှတ် မရေးထိုးသေးသည့် အဖွဲ့များအားလုံး ပါဝင်မှသာ လုပ်ငန်း အောင်မြင်ချောမွေ့မည် ဖြစ်သောကြောင့် အန်စီအေ လက်မှတ်မရေးထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား အလုပ်ရုံ ဆွေးနွေး တက်ရာက်ရန် ဖိတ်ခေါ်ထားသော်လည်း အခြေအနေအရ မတက်ရောက်နိုင်မှုအပေါ် နားလည်မှု ယူထားသည်ဟု သူက ပြောသည်။

အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ရန်အတွက် နိုင်ငံတကာ တော်တော်များများတွတွင် ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ကူညီေပေးနေသော  အစိုးရမဟုတ်သော အဖွဲ့ တခုက ကူညီထောက်ပံ့နေပြီး  မြန်မာနိုင်ငံ ကိုယ်စားလှယ် မစ္စတာ အာဒမ် ကောပါး (Adam Cooprer )က အပစ်အခတ် ရပ်စဲပြီးနောက် ပစ်ခတ် တိုက်ခိုက်မှုကို စောင့်ကြည် လေ့လာရေးနှင့် နိုင်ငံရေးဆွေးနွေးရေး ဆိုင်ရာ မူဘောင်များ မည်သို့ အကောင်အထည်ဖော်ရန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအကြား စည်းလုံး ညီညွတ်မှု ဘယ်လိုတည်ဆောက်သွားမလဲဟူသော အချက်များကို အိုင်ယာလန်နိုင်ငံမှ အငြိမ်းစား ဗိုလ်ချုပ်ကြီး Tom Behan မှ ဆွေးနွေးသွားမည် ဖြစ်ကြောင်း အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ 

ပထမနေ့ဆွေးနွေးပွဲတွင် NCA  အခန်း ၃မှ အရပ်သားများကို ကာကွယ်ရန်နှင့် အခန်း ၄ မှ စစ်ဘက်ဆိုင်ရာ အချက်များကို သုံးသပ်ခြင်း၊ တပ်ပိုင်းဆိုင်ရာ စဉ်းမျဉ်းစည်းကမ်း (code of conduc) ဆိုင်ရာများ၊ တပ်နေရာချထားရေးဆိုင်ရာများ၊ ဘာစနီးယားနိုင်ငံ၏ ပဋိပက္ခများမှ အာင်မြင်မှု အခြေအနေများ၊ အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်ခြင်း လုပ်ငန်းစဉ်အပေါ် မတူညီသော နိုင်ငံတကာ လူ့အဖွဲ့အစည်းများ၏ ဆက်စပ်မှု အခြေအနေများ၊ JMC  လမ်းပြမြေပုံနှင့် ပတ်သက်၍ လက်ရှိ အခြေအနေနှင့် ဆက်လက် လုပ်ဆောင်ရမည့် အခြေအနေများနှင့် NCA လက်မှ ရေးထိုးသည့် အဖွဲ့နှင့် မထိုးသေးသည့် အဖွဲ့အစည်းများ၏ စိန်ခေါ်မှုများ စသည့်အချက်များကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။ 

ရပ်စဲရေးခိုင်မာရန်နှင့် နိုင်ငံရေးဆွေးနွေး အောင်မြင်ရန်အတွက် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရန်အတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု မူဘောင်ဆွေးနွေးမှုက အရမ်းအရေးကြီးကြောင်း နိုင်ငံရေးဆွေးနွေးမှု အောင်မြင်ရန်အတွက် ဆွေးနွေးဘက်များ၏ အမျော်အမြင်ကြီးမားမှု ပြင်ဆင်မှုက အမှန်တကယ်လိုအပ်ပြီး ပြည့်စုံမှု ပြင်ဆင်မှု ဖြစ်အတွက် အလုပ်ရုံ ဆွေးနွေးမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု  ပဒိုကွယ်ထူးဝင်းက အလုပ်ရုံဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

NCA လက်မှတ်ရေးထိုးပြီးနောက် ရှေ့ဆက်လုပ်ဆောင်ရန်အတွက် လိုအပ်သည့် ပညာရပ်များ၊ အရည်အချင်းများ ဖြည့်ဆည်းနိုင်မည်ဖြ၍ အရေးကြီးသော အလုပ်ရုံဆွေးနွေးပွဲ ဖြစ်သည်ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။  ငြိမ်းချမ်းရေးအတွက် NCA လက်မှတ်ရေးထိုးပြီးနောက် စောင့်ကြည့်ရေးကိစ္စရပ်များအပေါ် အဓိက သက်ဆိုင်ရာ အဖွဲ့အစည်းများက စည်းကမ်းဖောက်ဖျက်မှုများကို တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်နိုင်ရန်အတွက် အရေးကြီးပြီး နိုင်ငံေရေး ဆွေးနွေးမှု တည်ငြိမ်ရန်အတွက် စောင့်ကြည့်ရေးသည် အရေးကြီးကြောင်း အပစ်အခတ် ရပ်စဲရေးစာချုပ် ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဖွဲ့ဝင် ခွန်မြင့်ထွန်းက ပြောသည်။ 

“ကျွမ်းကျင်တဲ့ ပညာရှင်တွေက စောင့်ကြည့်ရေးနဲ့ပတ်သက်ပြီးတော့ လာရှင်းပြတယ်။ လုပ်ငန်းရဲ့ သဘောသဘာဝကို နာလည်ဖို့ စောင့်ကြည့်ရေးဆိုတာကတော့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်လောက်တဲ့ အနေအထားတော့ မဟုတ်ဘူး။ သို့သော်လည်းဘဲ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက်တော့ အထောက်အကူပြုတာပေ့ါ။ စောင့်ကြည့်ရေးလုပ်တယ်ဆို နေရာမှာ ပြည်ထောင်စုအဆင့်တော့ ဖွဲ့ပြီးပြီ။ ပြည်နယ်အဆင့်နဲ့ ဒေသဆိုင်ရာ ဖွဲ့စည်းဖို့ လိုသေးတယ။် ဖွဲ့စည်းတဲ့အခါမှာ လိုအပ်တဲ့ ရုံးအဖွဲ့တွေ၊ အရပ်သားတွေ ပါဝင်မှုတွေ ဆက်လက်ဆွေးနွေးဖို့ ရှိပါတယ်”ဟု သူက ပြောသည်။ 

ထိုအလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၇ ရက်ထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်ပြီး ထိုအလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) -WLB နှင့် ပြည်ထောင်စု အင်စတီကျွတ်မှ ကိုယ်စားလှယ်များ အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ စုစုပေါင်း  ၆၀ ကျော်ခန့် တက်ရောက်နေခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required