ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လျော့ကျသွားလို့ တောင်ကိုရီးယား ပင်လယ်ကမ်းခြေမှာ လာရောက်အပန်းဖြေသူတွေနဲ့ ပြန်လည်စည်ကား

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လျော့ကျသွားလို့ တောင်ကိုရီးယား ပင်လယ်ကမ်းခြေမှာ လာရောက်အပန်းဖြေသူတွေနဲ့ ပြန်လည်စည်ကား
Photo - AFP

မေ ၃

တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လျော့ကျသွားခဲ့ချိန် ဧပြီလ ၃၀ (ဗုဒ္ဓဖွားမြင်တော်မူသည့်နေ့) နဲ့ မေလ ၅ ရက် (ကလေးများနေ့) တို့လို အများပြည်သူ အားလပ်ရက်တွေနဲ့အတူ ရှည်လျားတဲ့ သတင်းပတ်ကုန်ကာလအတွင်း ဆိုးလ်မြို့က ကမ်းခြေတစ်ခုမှာ အနားယူအပန်းဖြေသူတွေနဲ့ ပြန်လည် စည်ကားနေခဲ့ပါတယ်။

ယင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကို အပြင်းအထန် တိုက်ဖျက်ရင်း စိုးရိမ်ဖွယ်အခြေအနေကို ကျော်လွန်ပြီး တိုးတက်ကောင်းမွန်တဲ့ အခြေအနေတစ်ခုဆီ စတင်ဦးတည်ရောက်ရှိခဲ့ပုံရပေမယ့် အများပြည်သူအကြားမှာတော့ စိုးရိမ်မကင်းမှုတွေနဲ့ သတိရှိမှုတွေကတော့ ဆက်ရှိနေဆဲဖြစ်ပါတယ်။

“ကျွန်တော်တို့ဟာ သီးခြားနေထိုင်မှုကို ဆက်ကျင့်သုံးဖို့ လိုသေးတာကြောင့် ကျွန်တော်အနေနဲ့ကတော့ သတိရှိဖို့ လိုသေးတယ်လို့ ခံစားမိပါတယ်၊ အားလပ်ရက်မှာ တကယ့် စိတ်လွတ်ကိုယ်လွတ် အပန်းဖြေ ပျော်ရွှင်နေဖို့ကတော့ သိပ်တော့မလွယ်ကူသေးပါဘူး” လို့ ပင်လယ်ကမ်းခြေမှာ စိတ်ဖိစီးမှုတွေ လျော့ကျဖို့ ကြိုးစားနေခဲ့တဲ့ အမျိုးသားတစ်ဦးဖြစ်တဲ့ ကင်ဂျုံဂျွန်က မေလ ၂ ရက်မှာ ပြောပါတယ်။

“ကျွန်မတို့ကတော့ မိသားစု အားလပ်ရက်ကို သဘာဝပိုဆန်တဲ့ ပွင့်လင်းတဲ့ နေရာတွေကိုပဲ တမင် ရွေးချယ်ခဲ့ပါတယ်၊ မိုးလုံလေလုံ အဆောက်အအုံတွေလိုမျိုး ဒါမှမဟုတ် ရေကစားပန်းခြံတွေလိုမျိုး လူတွေ တအားများနိုင်တဲ့ နေရာတွေကို ရှောင်ခဲ့ပါတယ်၊ နှာခေါင်းစည်းတွေ၊ လက်သန့်ဆေးရည်တွေကိုလည်း ကျွန်မတို့ ကြိုပြင်ဆင်ယူလာခဲ့ပါတယ်” လို့ အင်္ဂလိပ်အကယ်ဒမီတစ်ခုရဲ့ ဥက္ကဌ ချိုင်ဆူလ်ဟီက ပြောပါတယ်။

“ဒါဟာ ကိုဗစ်-၁၉ စဖြစ်ပြီးနောက်ပိုင်း ဒီနှစ်ထဲမှာ ကျွန်မတို့ မိသားစုရဲ့ ပထမဆုံး အပန်းဖြေအနားယူတာဖြစ်ပါတယ်” လို့ စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဆုန်ဆောင်အင်းက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required