တနင်္သာရီတိုင်းအတွင်းရှိ နယ်စပ်ဂိတ် ၃ ခု ထိုင်းဘက်မှယာယီပိတ်

တနင်္သာရီတိုင်းအတွင်းရှိ နယ်စပ်ဂိတ် ၃ ခု ထိုင်းဘက်မှယာယီပိတ်
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ မတ် ၂၁။        ။ COVID-19ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံနှင့်ထိစပ်နေသည့် အဓိက ဝင်ပေါက်များဖြစ်သည့် နယ်စပ်ဂိတ် ၃ ခုကို ယနေ့(မတ်လ ၂၁ ရက်)တွင်  စတင်ပိတ်တော့မည် ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၃ ခုတွင်ရှိသည့် ထီခီး နယ်စပ်ဂိတ်၊ မောတောင် နယ်စပ်ဂိတ်နှင့် ရနောင်းနယ်စပ်ဂိတ်တို့ကို မတ်လ ၁၉ ရက်နေ့က မြန်မာဘက်မှ ပြည်ဝင်ခွင့် ဗီဇာနှင့်ဝင်ရောက် လာမည့် တတိယနိုင်ငံသားများကို စတင်ပိတ်ခဲ့ရာမှ ယနေ့(မတ်လ ၂၁ ရက်)တွင် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံဘက်က ယာယီပိတ်လိုက်ကြောင်း သိရသည်။

“အခုက ထိုင်းနိုင်ငံက မြန်မာနိုင်ငံသားများကို ဝင်ခွင့်ပိတ်လိုက်တာဖြစ်တယ်။ကုန်စည်စီးဆင်းမှုတွေရော ပါတယ်။ တရားဝင်စာထုတ်ပြီး ပိတ်တာဖြစ်တယ်”ဟု  မြန်မာနယ်စပ်ဂိတ် ၃ ခုမှ အမည်မဖော်လိုသူ တာဝန်သူများက ပြောဆိုသည်။

“ထိုင်းဘက်က တရားဝင်စားထုတ်ပြီး ပိတ်တာဖြစ်တယ်။ကျွန်တော်တို့ တိုင်းအစိုးရအဖွဲ့အနေနဲ့က ဘာ ညွန်ကြားချက်မှမလာသေးဘူး”ဟု ကော့သောင်းနှင့် မောတောင်နယ်စပ်ဂိတ်တို့မှ တာဝန်ရှိသူများက ပြောဆိုသည်။

ဓာတ်ပုံ - ဒီမိုသွေး(မြိတ်)ထိုင်းဆင်ခွန်းဂိတ်ပိတ်ရန် မောတောင်ဂိတ်ရှိ တာဝန်ရှိသူများကို ထိုင်းဘက်မှ လာရောက် အသိပေးနေစဉ်။

အဆိုပါ နယ်စပ်ဂိတ် ၃ ခုကို ထိုင်းနိုင်ငံဘက်မှ ယနေ့(မတ် ၂၁ရက်) ညနေ ၆ နာရီမှ စတင်ကာ ဧပြီလ ၃ ရက်နေ့ ညနေ ၆ နာရီအထိ ပိတ်ထားမည်ဖြစ်ပြီး လူ၊ ယာဉ်နှင့် ပစ္စည်းများ ဝင်/ထွက် သွားလာမှု အားလုံး ပါဝင်ကြောင်း  ပရကျွပ်ခီရီခန်ခရိုင်နှင့် မြိတ်ခရိုင် ထိုင်း- မြန်မာ ဆက်ဆံရေး တာဝန်ခံ ဦးအောင်ကြည်မြင့်က ဆိုသည်။

“ဒီနေ့ ညနေက နေပြီးတော့ လူ၊ ယာဉ်နှင့် ပစ္စည်းများ ဝင်/ထွက် သွားလာမှု အားလုံးကို တားမြစ် ပိတ်ပင် တော့မှာ ဖြစ်တယ်”လို့ ပရကျွပ်ခီရီခန်ခရိုင်နှင့် မြိတ်ခရိုင် ထိုင်း- မြန်မာ ဆက်ဆံရေး တာဝန်ခံ ဦးအောင်ကြည် မြင့်က ပြောကြား သည်။

ထိုသို့ နယ်စပ်ဂိတ် ၃ ခုကို ထိုင်းဘက်မှ စတင်ပိတ်သည့်အတွက် မြိတ်ခရိုင်အတွက် ရေထွက်ပစ္စည်းတင်ပို့ခြင်း၊ ခရီးသွားကျဆင်းခြင်းနှင့် ကုန်စည်စီးဆင်မှုတွေများစွာ ထိခိုက်မှုများဖြစ်ပေါ်လာနိုင်ေကြာင်း ထိုင်း- မြန်မာ ဆက်ဆံရေး တာဝန်ခံ ဦးအောင်ကြည်မြင့်က သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံဘက်မှ နယ်စပ်ဂိတ်များကို ပိတ်ထားရန် ရှိ/ မရှိအပေါ် တနင်္သာရီတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ် ရေးနှင့် လူ့စွမ်းအား အရင်းမြစ်ဝန်ကြီး ဦးကျော်မင်းအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ဖုန်းလက်ခံဖြေဆိုရန် မအားလပ်သေးကြောင်း ပြောဆိုသည်။

ထိုင်းနိုင်ငံဘက်မှ ထိုသို့နယ်စပ်ဂိတ်များပိတ်ပင်မှုသည် တနင်္သာရီတိုင်းဒေသကြီး တစ်ခုတည်း ပိတ်ထားခြင်း မဟုတ်ကြောင်း၊ မြန်မာနှင့် ထိုင်း ထိစပ်နေသည့် နယ်စပ်ဂိတ်လုံးကို ပိတ်ထားခြင်းဖြစ်သည့် အပြင် ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအားလုံး၏နယ်စပ်ဂိတ်များကို ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

 

Mizzima Weekly