အီရတ် စစ်အခြေစိုက်စခန်းတွေမှ အမေရိကန် ညွန့်ပေါင်းတပ်တွေ တပ်ပြောင်းရွှေ့မှု စတင်

အီရတ် စစ်အခြေစိုက်စခန်းတွေမှ အမေရိကန် ညွန့်ပေါင်းတပ်တွေ တပ်ပြောင်းရွှေ့မှု စတင်

မတ်လ ၁၈။         ။ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေဟာ အီရတ်နိုင်ငံ အတွင်းအပြင်က စစ်စခန်းတွေမှ တပ်ဖွဲ့ဝင် ရာပေါင်းများစွာကို တပ်ပြောင်းရွှေ့ချထားတော့မှာ ဖြစ်တယ်လို့ ညွန့်ပေါင်းတပ်နဲ့ အမေရိကန်တပ် တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ပြောပါတယ်။

သမိုင်းတွင် လုပ်ဆောင်ချက်တစ်ရပ်ဖြစ်တဲ့ အခု တပ်ပြောင်းရွှေ့ချထားမှုဟာ ခြောက်လအတွင်း ၂၄ ကြိမ်မြောက်တိုက်ခိုက်မှုအဖြစ် နိုင်ငံခြားတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ အီရတ်စစ်စခန်းတစ်ခုကို ပစ်မှတ်ထားတဲ့ နောက်ထပ် ဒုံးကျည်တိုက်ခိုက်မှု ဖြစ်ပွားပြီး နာရီပိုင်းမှာပဲ ကြေညာလာခဲ့တဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။

“ညွန့်ပေါင်းတပ်တွေအနေနဲ့ စစ်စခန်းငယ်တွေက တပ်တွေကို ပြန်လည်တပ်ပြောင်းတပ်ရွှေ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။”လို့ ညွန့်ပေါင်းတပ် ပြောခွင့်ရသူ မိုင်လက်စ်ကေ့ဂျင်းက ပြောပါတယ်။
ပထမဆုံး တပ်ပြောင်းရွှေ့မှုချထားမှုကို ဆီးရီးယားနယ်စပ်တစ်လျှောက်က အနောက်ပိုင်းစစ်စခန်း ကွင်းစစ်အခြေစိုက်စခန််းမှာ အင်္ဂါနေ့က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ညွန့်ပေါင်းတပ်တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။

“တပ်ပြောင်းရွှေ့မှုတွေကို လုပ်ဆောင်ပြီး ကွင်းစခန်းက အဆောက်အအုံတွေကို အီရတ်တပ်ဖွဲ့တွေဆီ လက်လွှဲပေးအပ်ခဲ့ပါတယ်။ ကွင်းအခြေစိုက်စခန်းကနေ တပ်တွေအားလုံး ရုပ်သိမ်းသွားမှာ ဖြစ်ပါတယ်။”လို့ အဲဒီ တာဝန်ရှိသူက ဆိုပါတယ်။

“ဒါဟာ သမိုင်းဝင် လုပ်ဆောင်ချက်ပါပဲ။”လို့ ၎င်းက ပြောရင်း အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်မှ တပ်သား ၃၀၀ နီးပါး ဒီစစ်စခန်းကနေ ထွက်ခွာမှာ ဖြစ်တယ်လို့ ထပ်လောင်းပြောပါတယ်။

တပ်အင်အားအချို့ကိုလည်း အမြောက်လက်နက်တွေနဲ့အတူ အိမ်နီးချင်း စစ်တလင်းဖြစ်နေရာ ဆီးရီးယားက ညွန့်ပေါင်းတပ် တည်နေရာတွေဆီ တပ်ပြောင်းရွှေ့ချထားပြီးလည်း ဖြစ်ပါတယ်။ ကျန်တဲ့ အခြားတပ်အင်အားတွေကို အီရတ် သို့မဟုတ် ကူဝိတ်က အခြား စစ်အခြေစိုက်စခန်းတွေဆီ တပ်ပြောင်းတော့မှာ ဖြစ်ပါတယ်။

အီရတ်နိုင်ငံအနှံ့က နိုင်ငံခြားတပ်တွေကို ပစ်မှတ်ထားတဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖြစ်ပွားတာကြောင့် တုံ့ပြန်ပြီး တပ်ပြောင်းတပ်ရွှေ့မှု လုပ်ဆောင်တာလားဆိုတာကိုတော့ အဆိုပါ တာဝန်ရှိသူက ငြင်းဆန်ပါတယ်။

အင်္ဂါနေ့အစောပိုင်းက အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်က စပိန်တပ်ယူနစ်နဲ့ နေတိုးတပ်တွေ တပ်တည်နေရာ မြို့တော် ဘဂ္ဂဒက်ရှိ အီရတ်စစ်စခန်းတစ်ခုကို Katyusha ဒုံးကျည်နှစ်စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

မတ် ၁၁ ရက်နေ့ကလည်း တာဂျီလေတပ်အခြေစိုက်စခန်းကို ဒုံးကျည်တွေ အမြောက်အမြားနဲ့ ပစ်ခတ်တာကြောင့် အမေရိကန်စစ်မှုထမ်း နှစ်ဦးနဲ့ ဗြိတိန်စစ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required