ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို ရခိုင်အမျိုးသားပါတီ(ANP) မှ ဗဟိုကော်မတီဝင် တစ်ဦး နှုတ်ထွက်စာတင်

ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို ရခိုင်အမျိုးသားပါတီ(ANP) မှ ဗဟိုကော်မတီဝင် တစ်ဦး နှုတ်ထွက်စာတင်

စစ်တွေ၊ အောက်တိုဘာ ၃၀ ။        ။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းသာလိုတော့သည့် အချိန်တွင်ရခိုင်အမျိုးသားပါတီ (ANP) မှပါတီ ဗဟိုကော်မတီ အဖွဲ့ဝင်တစ်ဦးနှုတ်ထွက် သွားခဲ့ကြောင်း သိရသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (ALD)နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) နှစ်ပါတီ ပူးပေါင်း၍ ရခိုင်အမျိုးသားပါတီ (ANP) စတင် ဖြစ်ပေါ်လာချိန်မှစပြီး ပါတီဗဟိုကော်မတီဝင် တစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးထွန်းညိုမှာ အောက်တိုဘာလ ၂၆ ရက်က ပါတီဝင်အဖြစ်မှ နှုတ်ထွက်စာ တင်လိုက်ကြောင်း ဦးထွန်းညိုက ပြောကြားသည်။

“နှုတ်ထွက်ချင်တာကတော့ သိပ်ကြာပါပြီ။ သို့သော်လည်း ပါတီထဲမှာ တချို့အရာတွေကို ဆင်ခြင်ကြမလား။ မှန်မှန်ကန်ကန် လုပ်လာကြမလားဆိုတာကို ကျွန်တော် စောင့်ကြည့်တာပေါ့။ ဒါပေ မယ့် အဲဒီလို မဖြစ်လာဘူး။ ပိုပြီးတော့ ဆိုးလာကြတယ်။ ပြောင်လိမ်ပြောင်စားလို ဖြစ်လာကြတယ်။ အဲဒါတွေကို ကျွန်တော့် စိတ်ထဲမှာ မကောင်းဘူး။ အစကတော့ ရွေးကောက်ပွဲပြီးမှ ကျွန်တော်ထွက် မယ်လို့ ဆုံးဖြတ်ထားတာ” ဟု ၎င်းက ဆိုသည်။

ဦးထွန်းညို၏ နှုတ်ထွက်စာတွင် အချက် ၁၂ ချက်ပါဝင်ကာ မှန်ကန်မှုကို တန်ဖိုးထားသော ရခိုင်အမျိုးသား တစ်ယောက်အနေနှင့် ဤရခိုင်အမျိုးသားပါတီ(ANP) ဆက်လက် ပါဝင်လိုစိတ် မရှိတော့ကြောင်း ၎င်း၏ စာတွင် ရေးသားထားသည်။  

နှုတ်ထွက်သွားသည့် ဦးထွန်ညိုမှာ ပါတီနှစ်ခု မပေါင်းစည်းမည် ALD မှ ပါတီဝင်တစ်ဦးဖြစ်ကာ ပါတီနှစ်ခု ပေါင်းစည်းရေး ကာလတွင်လည်း ALD ဘက်မှပေါင်းစည်းရေး ဒု-ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ရခိုင်အမျိုးသားပါတီ (ANP)ဖြစ်ပေါ်လာချိန်တွင်လည်း ဗဟိုကော်မတီဝင် တစ်ဦးအဖြစ် ပါဝင်လုပ်ကိုင်ခဲ့ကာ ပါတီထိပ်ပိုင်း ပုဂ္ဂိုလ်များ၏ စကားကိုရှေ့နောက် မညီပြောဆိုလုပ်ကိုင်မှု တို့ကြောင့် ယခုကဲ့သို့ နှုတ်ထွက်ရခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“အဓိကတော့ ပါတီမှာလည်း ရာထူးတွေဘာတွေ မလိုချင်ဘူး။ အမတ်အရွေးခံမယ်။ ဝန်ကြီး လုပ်မယ်။ နောက်ပြီး ဝန်ကြီးချုပ် လုပ်မယ်။ နောက်ဆုံးပြောမယ် သမ္မဖြစ်သွားပါစေ ကျွန်တော် မလုပ်ဘူး။ ကျွန်တော် ခေါင်းပေါင်းပေါင်းရတဲ့ အလုပ်ကို မလုပ်ဘူး။ ကျွန်တော့်မှာ ယုံကြည်ချက် ရှိတယ်။ ဆိုတော့ ကျွန်တော် မဟုတ်မမှန် လုပ်တာတွေကို သိပ်မုန်းတယ်” ဟုလည်း ဦးထွန်းညိုက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required