ကျွန်တော်တို့ မအောင်မြင်ဘူး၊ ဘာဆက်လုပ်ကြမလဲ

ကျွန်တော်တို့ မအောင်မြင်ဘူး၊ ဘာဆက်လုပ်ကြမလဲ

ကိုမျိုးသန့်ရေ

ပြီးခဲ့တဲ့ရက်ပိုင်းက ကျွန်တော် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ခဏ သွားပါတယ်။ သွားရတဲ့ အကြောင်း ကတော့ ယဉ်ကျေးမှုပေါင်းစုံ ရှင်သန် ထွန်းကားရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေ လုပ်နေကြတဲ့ ကျွန်တော်တို့ မိတ်ဆွေတွေ တွေ့ဆုံကြတဲ့ပွဲ သွားတက်တာပါ။ နိုင်ငံတကာက မိတ်ဆွေတွေ ပါသလို၊ ပြည်တွင်းကလည်း ပါပါတယ်။ သမိုင်းဆိုင်ရာ ပညာရှင်၊ အဆိုတော်၊ ဗုဒ္ဓဘာသာ သံဃာ၊ ခရစ်ယာန် ဘုန်းကြီး၊ မွတ်ဆလင် ဘာသာဝင်၊ စာရေးဆရာ၊ ဂျာနယ်လစ်၊ စာအုပ်ထုတ်ဝေသူ၊ ပရဟိတလုပ်သူ စသဖြင့် စုံနေအောင် ပါပါတယ်။

ဒီအုပ်စုထဲမှာပါတဲ့ ကျွန်တော်တို့ တစ်တွေဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်ကစ အခါအားလျော်စွာ တွေ့ဆုံကြပြီး မြန်မာပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ လူမျိုးဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေဖြစ် ပွားတဲ့ ကိစ္စ၊ အမုန်းတရားတွေ ပျံ့နှံ့နေတဲ့ကိစ္စ စတဲ့ ပြဿနာတွေကို ဆွေးနွေးကြပြီး ယဉ်ကျေးမှုမျိုးစုံ ထွန်းကားတဲ့၊ တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိရှိ အတူယှဉ်တွဲ နေထိုင်နိုင်တဲ့ ငြိမ်းချမ်းတဲ့ လူ့ဘောင် တစ်ခု ဖြစ်လာအောင် ဘယ်လိုလုပ်ကြရင် ကောင်းမလဲ ဆွေးနွေး နည်းလမ်းရှာ၊ ကိုယ့်နယ်ပယ်မှာ ကိုယ် အကောင်အထည် ဖော်နေ ကြတာကို အပြန်အလှန် ဖလှယ်တာမျိုး လုပ်နေခဲ့ကြတာပါ။

တစ်ခါတစ်ရံမှာတော့ ကျွန်တော်တို့ဟာ သူများနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုန်း သတ်ဖြတ်မှုတွေ၊ လူ့ယဉ်ကျေးမှု ဖျက်ဆီးမှုတွေနဲ့ ပတ်သက်တာတွေကို လေ့လာခဲ့ကြပါတယ်။ ဂျာမဏီမှာ အာဏာရှင် ဟစ်တလာက ပြည်သူတွေကို ဂျာမန်လူမျိုးကြီးစိတ် သွင်းပေးပြီး ဂျူးတွေကို လူမျိုးတုန်း သတ်ဖြတ်တာမျိုး ဘယ်လို ကျူးလွန်ခဲ့သလဲ လေ့လာပါတယ်။ ပထမအဆင့်မှာသူ ဘာလုပ်တယ်၊ နောက်အဆင့် မှာသူဘာလုပ်တယ် လေ့လာကြည့်ကြတာမျိုးပါ။ တစ်ခါတစ်ရံမှာတော့ ကမ္ဘောဒီးယားနိုင်ငံက ကွန်မြူနစ် ခမာနီတွေရဲ့ ကိုယ့်လူ မျိုးကို ကိုယ် လူမျိုးတုန်း သတ်ဖြတ်ခဲ့မှု ကိစ္စတွေ လေ့လာကြပါတယ်။

အခုနောက်ပိုင်း အဲဒီ သတ်ဖြတ်မှု ကျူးလွန်သူတွေကို ရုံးတင် စစ်ဆေး အပြစ်ပေးတဲ့ ခုံရုံးကို သွားလေ့လာတာမျိုးတွေလည်း လုပ်ပါတယ်။ အဓိ ကကတော့ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက် ကတည်း ကဖြစ်ပျက်ခဲ့တဲ့ မြန်မာနိုင်ငံတွင်းက လူမျိုးရေး ဘာသာ ရေး မုန်းတီးမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စိုးရိမ်ပူပန်ကြလို့ပဲ ဖြစ်ပါတယ်။ မြန်မာ ပြည်မှာ အမုန်းတရားတွေ နည်းအောင်၊ ဘာသာတစ်ခုနဲ့ တစ်ခုကြား၊ ယဉ်ကျေးမှုတစ်ခုနဲ့ တစ်ခုကြား ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်အောင် ဘာတွေလုပ်ကြရင် ကောင်းမလဲ ဆွေးနွေး လုပ်ကိုင်နေခဲ့ကြတာ ဖြစ်ပါ တယ်။

ကိုမျိုးသန့်ရေ

အခုတစ်ခေါက်မှာတော့ အဲဒီဖြစ်စဉ် တစ်ခုလုံးကို ကျွန်တော်တို့ ပြန်သုံးသပ် ကြည့်ကြပါတယ်။ အများ စုကတော့ ကျွန်တော်တို့ ကြိုးစားမှု မအောင်မြင်ဘူးလို့ သုံးသပ်ကြပါတယ်။ ဒီနှစ်နှစ် သုံးနှစ်အတွင်း ကျွန်တော်တို့ လုပ်နိုင်တာက နည်းနည်း၊ တိုင်းပြည်ထဲမှာ အမုန်းတရား ပျံ့ပွားမှု၊ ခွဲခြားမှု ၊ အစွန်းရောက် အတွေးအခေါ် ပြန့်ပွားမှုက များများ ဖြစ်ပျက်ခဲ့တာပါ။ ငြိမ်းချမ်းရေး တရားဟောမယ့်သူတွေ၊ ငြိမ်းချမ်းရေး လုပ်မယ့်သူတွေ၊ ဘာသာယဉ်ကျေးမှု တစ်ခုနဲ့တစ်ခု နားလည်သီးခံပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မယ် ဆိုပြီး ကြိုးစားကြသူတွေရဲ့ အသံတွေက တိုးတိုးညှင်းညှင်း၊ စိုးရိမ်စိတ်တွေက ခပ်များများ၊ အမုန်းတရား ဖြန့်ဖြူးသူတွေက အသံကျယ်ကျယ်လောင်လောင် အားကောင်းမောင်းသန်နဲ့ ပိုပိုပြီး ပျံ့နှံ့လာတာ တွေ့ရလို့ပဲ ဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့တွေ ရသေ့ စိတ်ဖြေလောက်ပဲ အလုပ် လုပ်ခဲ့ကြတာလား။ ဒီလို လုပ်ရင်း ကိုင်ရင်းနဲ့ အမုန်းတရားတွေက ဘာကြောင့် ဒီလောက် အားကောင်းလာခဲ့တာလဲ စသဖြင့် ဝေဖန် ဆွေးနွေးကြ ပါတယ်။

သေခြာတဲ့ အဖြေတစ်ခုကတော့ အခု ဖြစ်ပွားခဲ့တဲ့ ပြဿနာမှာ အဓိက အရေးအကြီးဆုံး သော့ချက် ဟာ နိုင်ငံရေး ပြဿနာဖြစ်တယ် ဆိုတာပါပဲ။ နိုင်ငံရေးဆိုင်ရာ လိုအပ်ချက်ကြောင့် ဒီလို အမုန်းတရား ဖြန့်ဖြူးတဲ့၊ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုကြီးတွေ ဖြစ်ပွားအောင် လှုံ့ဆော်တာ၊ ကျူးလွန်တာတွေကို အာဏာပိုင်တွေက လျစ်လျူရှုထားခဲ့ကြတယ် ဆိုတာပါပဲ။ တစ်ခါတစ်ရံမှာတော့ အားပေးအားမြှောက် လုပ်တာမျိုးတောင် တွေ့ကြရပါတယ်။ ဒီ အမုန်းတရား လှုံ့ဆော်မှု၊ ဖြန့်ဖြူးမှုတွေမှာ နိုင်ငံရေး ပြဿနာပါ တယ် ဆိုတာကို ခုလို ရွေးကောက်ပွဲ အကြိုကာလမှာ ထင်ထင်ရှားရှားကြီးကို မြင်လိုက်ကြရပါတယ်။ အမုန်း တရား လှုံ့ဆော်သူတွေဟာ မမှန်ကန်တဲ့ အချက်အလက်တွေသုံးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ် လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်မှု လုပ်ပြကြလို့ပဲ ဖြစ်ပါတယ်။

ဒီအတွက် ကျွန်တော်တို့ နားလည်လိုက်တာက နိုင်ငံရေးအရ ပြဿနာကို ပြေလည်အောင် မဖြေရှင်း နိုင်ရင် နိုင်ငံတွင်းမှာ အမုန်းတရား ပျံ့ပွားနေတာကို တားဆီးနိုင်မှာ မဟုတ်ဘူး ဆိုတာပါပဲ။ တစ်ပြိုင်နက်တည်း မှာ ဘာသာစုံ၊ ယဉ်ကျေးမှုပေါင်းစုံ အတူတကွ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်တဲ့ နိုင်ငံတည်ဆောက်ရေး ဆိုတာ ကလည်း ဝေးနေဦးမှာပါပဲ။ အဲ အခြားတစ်ဖက်က ကြည့်လိုက်ပြန် ရင်လည်း နိုင်ငံရေး ပြဿနာဘက်ကိုချည်း သက်သက် အာရုံစိုက်နေပြန်ရင်လည်း ကျွန်တော်တို့ ပတ်ဝန်းကျင်ကို ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်အဖြစ်ကနေ ဝေးသထက် ဝေးသွားတာကို ထိုင်ကြည့်နေ ရမယ့် သဘောလည်း ရှိနေပြန်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ အဓိကကျတဲ့ နိုင်ငံရေးပြဿနာ ပြေလည်အောင် ကြိုးစားရာမှာ ပါဝင်ရမယ်၊ တစ်ပြိုင်နက်တည်းမှာ လည်း အမုန်းတရား ပျံ့ပွားတာကို တားဆီးတာမျိုး၊ ယဉ်ကျေးမှုပေါင်းစုံ ငြိမ်းငြိမ်းချမ်းချမ်း အတူတကွ ရှင်သန် နေထိုင်နိုင်အောင် အားပေးတာမျိုး အချိန်တိုင်း လုပ်ကိုင်သွားဖို့ လိုနေသေးတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကိုယ်လုပ်ခဲ့တာတွေ မအောင်မြင်ဘူးဆိုပြီး စိတ်ပျက် အားလျော့လိုက်လို့ ဖြစ်တာမှ မဟုတ်ပဲလေ နော။

ကျန်းမာပျော်ရွှင်ပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required