စင်္ကာပူရောက် မြန်မာများ မဲပေးခွင့် ၅၀၀၀ ကျော် ဆုံးရှုံး

စင်္ကာပူရောက် မြန်မာများ မဲပေးခွင့် ၅၀၀၀ ကျော် ဆုံးရှုံး

လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်ပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေး သူများထဲတွင် စင်္ကာပူ နိုင်ငံရောက် မြန်မာနိုင်ငံသားများ ၅၀၀၀ ကျော် မဲပေးခွင့် မရရှိခဲ့ကြောင်း သိရသည်။

စင်္ကာပူနိုင်ငံ ရောက် ကြိုတင်မဲပေးရန် လျှောက်ထားသူ မြန်မာနိုင်ငံသား စုစုပေါင်း ၂၁,၈၇၆ ဦး ရှိရာ အောက်တိုဘာလ ၁၅ ရက်မှ ၂၁ ရက်ထိ ခုနှစ်ရက်အတွင်း ကြိုတင်မဲပေးနိုင်ခဲ့သူပေါင်း ၁၆,၃၈၉ ဦး ရှိသဖြင့် မဲပေးရန် ၅၄၈၆ ဦး ကျန်နေခြင်း ဖြစ်သည်။

“သူတို့တွေက မဲလက်မှတ်မရှိတာတို့၊ မဲစာရင်းထွက်မလာတာတို့၊ တစ်ချို့ကလည်း ကြားရက်တွေဆိုတော့ အလုပ်မှာ ခွင့်ယူလို့မရဘူး။ သူတို့မှာ အခက်အခဲတွေ ရှိနေတယ်။ မဲစာရင်းထဲမှာ ပါမလာဘူး။ တချို့က မဲစာရွက် မရှိတာတို့၊ သံရုံးကနေ ထုတ်ပြန်တာလည်း အရမ်းနောက်ကျတယ်။ အခုနောက်ဆုံးနေ့ထိ မထွက်လာတဲ့ မြို့နယ်တွေ အများကြီးရှိနေတယ်”ဟု စင်္ကပူသံရုံးတွင် လုပ်အားပေးနေသူ စေတနာ့ဝန်ထမ်း ကိုဇော်သန့်မင်းက မဇ္ဈိမကို ပြောသည်။

ကြိုတင်မဲပေးခဲ့သူများသည် ပုံစံ ၁၅ တင်ခဲ့ပြီး လက်ခံရရှိကြောင်း မြန်မာသံရုံးမှ အထောက်အထားများ ရှိသော်လည်း ကြိုတင်မဲပေးခွင့် ရှိသူနာမည်စာရင်းထဲပါမလာခြင်း၊ တစ်ချို့မှာ နိုင်ငံမဲ့၊ နိုင်ငံမသိဟူ ရေးသားခံရခြင်းနှင့် တစ်ချို့တွင် မည်သည့်စာမျှ မရေးဘဲ မျဉ်ဖြင့် လိုင်းဆွဲ၍ ခြစ်ခံရခြင်း စသည့် အခက်အခဲများ ရှိခဲ့သည်ဟု သူက ပြောသည်။

ထို့ပြင် ယနေ့ ညနေ ၅ နာရီတွင် မဲရုံပိတ်ပြီးနောက် မဲပေးခွင့်ရှိသူ ၃ ဦး ရောက်ရှိလာသော်လည်း မဲပေးခွင့် မရခဲ့ ဘဲ ပြန်သွားခဲ့ရသည်ဟု သူက ပြောသည်။ ကြိုတင်မဲထည့်ရန် ကျန်နေသူများအား မည်သည့် ရက်တွင် ထပ်မံ ထည့်နိုင်ရန် စင်္ကပူမြန်မာသံရုံးအား မေးမြန်းခဲ့သော်လည်း မဖြေပေးသေးကြောင်း သူက ဆိုသည်။

အခက်အခဲများ ရှိနေသော်လည်း ကြိုတင်မဲပေးခဲ့သူ စင်္ကပူနိုင်ငံရောက် မြန်မာနိုင်ငံသားများထဲမှ ၈၅ ရာခိုင်နှုန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)သည် မဲပေးခဲ့ကြသည်ဟု ကိုဇော်သန့်မင်းက ပြောသည်။

“မဲပေးခဲ့တဲ့ လူတွေကို ကျနော်တို့က groundမှာကတည်းက survey ကောက်တယ်။ ကျနော်တို့ ကောက်တဲ့ survey အရဆိုရင်တော့ ၉၈ ရာခိုင်နှုန်းလောက်က အန်အယ်လ်ဒီကို ပေးခဲ့ကြပါတယ်။ အွန်လိုင်းကနေ လည်း ကျနော်တို့ ဆာဗေး စပြီးလုပ်နေတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကပေါ့နော်။ အဲဒီမှာလည်း ၉၈.၂ ရာခိုင်နှုန်းက အန်အယ်လ်ဒီကို မေးပေးခဲ့ကြပါတယ်လို့ ဖြေထားပါတယ်”ဟု သူက ပြောသည်။

စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးရန် သတ်မှတ်ရက် မလုံလောက်သဖြင့် မူလာက အောက်တိုဘာလ ၁၅၊ ၁၆၊ ၁၇ ရက်များသာ ပေးရန် သတ်မှတ်ထားရာမှ အောက်တိုဘာလ ၁၉ ၊၂၀၊၂၁ ရက်များထိ သုံးရက်တိုးမြှင့်ခဲ့သည်။

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးနိုင်သူ ပြည်ပနိုင်ငံများထဲတွင် စင်္ကာပူနိုင်ငံက မဲအများဆုံးဖြစ်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် ကြိုတင်မဲပေးသူ ၆၀၀ ကျော်သာ ရှိခဲ့သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required