တစ်နိုင်ငံလုံး သေနတ်သံတိတ်မှ သမိုင်းအသစ်ရေးနိုင်မည်

တစ်နိုင်ငံလုံး သေနတ်သံတိတ်မှ သမိုင်းအသစ်ရေးနိုင်မည်
အောက်တိုဘာ ၁၅ရက်က နေပြည်တော်တွင် အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ အပစ်ရပ်လက်မှတ်ရေးထိုးစဉ်။ (ဓာတ်ပုံ-သိင်္ဂီထွန်း)

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ရက်နေ့သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ထူးခြားသည့် နေ့ဟု နိုင်ငံရေး အကဲခတ်များက ဆိုကြသည်။ မည်သို့သော ထူးခြားမှုရှိ၍နည်း ဆိုသည့် မေးခွန်းကလည်း ကပ်လျှက်ပါလာသ်။  အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးသောနေ့ဖြစ်သောကြောင့် ထူးခြားသည်ဟု အချို့က ပြောကြသည်။ အချို့က အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးချိန်တွင် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့၌ သေနတ်သံများ မတိတ်သေး ဘဲနှင့် NCA စာချုပ်ဆိုသည်ကို လက်မှတ်ရေးထိုးကြသည်မှာ ကြောင်းကျိုး မညီ၍ ထူးဆန်းသည်ဟု ဆိုကြသည်။

လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန်က NCA လက်မှတ်ရေးထိုးပြီး ပေါ်ပေါက်လာမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ သည် ရှေ့သို့ ဆက်သွားဖို့သာရှိ၍ နောက်ပြန် လှည့်စရာမရှိပါဟုဆိုသည်။ NCA အပေါ်အခြေခံသော လုပ်ငန်းစဉ်များသည်  မြန်မာပြည် အနာဂတ်သစ်အတွက် ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန် တစ်ခုတည်းသော လမ်းကြောင်းအဖြစ် ပေါ်ပေါက်လာမည် ဖြစ် သည်ဟု ဆိုသည်။ NCA စာချုပ်သည် နောင်မျိုးဆက်သစ်များ၏ အနာဂတ်အတွက် သမိုင်းလက်ဆောင် ဖြစ်ပါသည်ဟုလည်း သမ္မတက ဆိုသည်။

“၂၀၁၄-၂၀၁၅ နှစ်တွေရဲ့ စစ်တမ်းတွေအရ မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၀ ရာခိုင်နူန်းဟာ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာ နေထိုင်ကြပါ တယ်။ လူဦးရေ ၄၀ ရာခိုင်နူန်းခန့်ဟာ လက်နက်ကိုင် ပဋိပက္ခရဲ့ အကျိုးသက်ရောက်မှုရှိတဲ့ ဒေသတွေမှာ နေထိုင်ကြပါ တယ်။ NCA လက်မှတ်ရေးထိုးလိုက်ပြီး လုပ်ငန်းစဉ်တွေကိုစတင် အကောင်အထည်ဖော်တာနဲ့ ပဋိပက္ခဘေးထွက်ဆိုးကျိုးတွေ ခံစားနေရတဲ့ လူဦးရေ ရဲ့ ၇၀ ရာခိုင်နူန်းဟာ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကိုအချိန်တိုတိုအတွင်းမှာ ခံစားကြရမှာ ဖြစ်ပါတယ်။” ဟု သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြောကြားသွားသည်။

သမ္မတပြောသကဲ့သို့ ငြိမ်းချမ်းရေးအသီးအပွင့်ကို အချိန်တိုတိုအတွင်း ခံစားကြရမှာ အမှန်ဆိုလျှင်တော့ ကောင်းလေစွဟု ဆိုချင်ပါ သည်။ သို့သော်ငြားလည်း စာချုပ်လက်မှတ်ရေးထိုးပြီး ၁ နှစ်တာကာလတွင် ပြည်သူအားလုံးမျှော်လင့်နေသော ငြိမ်းချမ်းရေး၏ ၅၀% မျှပင် ရနိုင်ပါမည်လား ဆိုသည်ကလည်း ရေရာသေချာလှသည်တော့မဟုတ်။ စောင့်ကြည့်ပြီးမှသာ သိနိုင်လိမ့်မည် ထင်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ဝန်ကြီးဦးအောင်မင်းထံ (NCA) လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်မည် မဟုတ်ကြောင်း အောက်တိုဘာ ၁၂ ရက်စွဲဖြင့် စာတစ်စောင် ပေးပို့ခဲ့ကြောင်း ဆဲဗင်းဒေးနေ့စဉ်သတင်းကဖော်ပြထားသည်။

‘‘ကျွန်မ၏ လက်တွေ့ကျကျ ဖြစ်ချင်သည့်ဆန္ဒမှာ NCA လက် မှတ်ရေးထိုးသည့်နေ့သည် တစ် နိုင်ငံလုံးသေနတ်သံတိတ်သည့် နေ့ဖြစ်လာရန် ဖြစ်ပါသည်။ သို့ သော် ယခုလက်မှတ်ရေးထိုးမည့် အချိန်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားကာ ပြည်သူလူထုများ လည်း ကြောက်ရွံ့မှုများ ဆက် လက်တည်ရှိနေပြီး ဘဝလုံခြုံမှု မရရှိသည့်အတွက် ကျွန်မအနေ ဖြင့် NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ရန် ခွန်အားမရှိပါ’’ဟု နော်စီဖိုးရာစိန်က သူ့အမြင်ကို ဖော်ပြထားသည်။

နော်စီဖိုးရာစိန်က မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ  တိုက်ပွဲတောက်လျှောက်ဖြစ်ပွားနေမှုများကို ထောက်ပြထားပြီး ငြိမ်းချမ်းရေး ကြိုးပမ်းမှုမှာ မျှော်မှန်းထားသည့် အဆင့်သို့ မရောက်သေးဟု ဆိုသည်။ ဝန်ကြီး၏စာ ထဲတွင် NCA ထိုးသည့်အဖွဲ့နှင့် မထိုးသည့်အဖွဲ့များအတွက် နိုင်ငံ ရေး၊ စစ်ရေး၊ လူမှုရေးအာမခံ ချက်များရအောင် ကြိုးပမ်းမည်ဟု ဆိုသော်လည်း NCA လက်မှတ်ရေးထိုးမည့်အချိန် နီးကပ်လာလေ စစ်ရေးတင်းမာမှုမြင့်လာလေ ဖြစ်သည်  တွေ့သည့်အတွက်   စိုးရိမ် ပူပန်မှု ဖြစ်ရကြောင်း နော်စီဖိုးရာစိန်က ဆိုသည်။

မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာ အား MID NEWS မှ ဆက်သွယ်မေးမြန်းတွင်လည်း သူ့အမြင်ကို ယခုကဲ့သို့ပြောကြားခဲ့သည်။

“ဒီနေ့ လက်မှတ်ထိုးတဲ့ NCA ဆိုတာ နာမည်ခံ သဘောလောက်ပါပဲ။ သိပ်ထိရောက်မှု ပုံမျိုးမရှိဘူးလို့ အန်ကယ်တို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ နဂိုကရည်ရွယ်ထားတာက တစ်နိုင်ငံလုံးအတွက် အပစ်ခတ်ရပ်စဲရေး၊ အခုကတော့ ဒေသ ဆိုင်ရာ အပစ်ခတ်ရပ်စဲရေးသဘော ဖြစ်နေတယ်။ အဖွဲ့ကလဲ အနည်းအကျဉ်းပါပဲ။ တချို့ဒေသမှာလဲ သေနတ်သံတွေကလဲ ထွက်နေတုန်းပါပဲ။ တချို့ဒေသမှာလဲ စစ်ပွဲတွေ အကြီးအကျယ် ဖြစ်နေတုန်းပဲ။ နာမည်ခံတာကတော့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး NCA ပေါ့။”

“အန်ကယ်တို့နိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေတာ နှစ် ၇၀ နီးပါး ဖြစ်နေပြီ။ ပြည်တွင်းစစ်ကြောင့်လဲ နိုင်ငံ ခေတ် နောက်ကျနေတယ်။ လူထုတွေလဲ ခေတ်နောက်ကျနေပြီ။ ဒါကို ပြေလည်အောင် နည်းလမ်းရှာဖို့အပိုင်းမှာ အရင်တုန်းကလဲ ရှာခဲ့ ဘူးတယ်။ ရှာတဲ့နည်းက နိုင်ငံရေးအရ မဖြေရှင်းနိုင်ဘဲ တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင် ဖျတ်သိမ်းရေးကိုပဲ စိတ်ကူးခဲ့တယ်။ အဲဒါကိုပဲ ထပ်ထပ် အကောင်အထည် ဖေါ်နေတယ်။ အဲဒီလို ဖြစ်နေလို့ ဒီပြဿနာက မပြီးဆုံးတာပါ။ အမှန်က နိုင်ငံရေးအခြေခံ တဲ့ကိစ္စကို နိုင်ငံရေးနည်းနဲ့ မှန်မှန်ကန်ကန်နဲ့ တန်းတူရည်တူ ဖြေရှင်းသွားရင် ပြေလည်နိုင်ပါတယ်။ အဓိကအားဖြင့် အာဏာရ ထားတဲ့ အစိုးရက သဘောထားမှန်မှန်နဲ့ ကိုင်တွယ်ဖြေရှင်းရင်တော့ မခဲယဉ်းပါဘူး။ ဖြေရှင်းနိုင်ပါတယ်။” ဟု နိုင်ဟံသာက ပြောကြားသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးနှင့် အတူစတင်ခဲ့သည့် ပြည်တွင်းစစ်မီးကို ဖဆပလအစိုးရ ဆယ်နှစ်ဆယ်မိုး ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့။ တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ ဗိုလ်ချုပ်မှူးကြီး စောမောင်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့၏ နဝတ၊ နအဖ ခေတ်များတွင် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများမှာလည်း အပေါ်ယံမျှသာ ဟန်ပြသာဖြစ်ပြီး၊ စိတ်စေတနာ မမှန်ကန်ကြသောကြောင့် မအောင်မြင်ခဲ့ချေ။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့ချင်းနှင့် တွေ့ဆုံဆွေးနွေးကာ အပစ်ရပ်စာချုပ်များ လက်မှတ်ရေး ထိုးခဲ့ကြသည်။ သို့တိုင်အောင် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်းနှင့်အဖွဲ့က ငြိမ်းချမ်းရေးစကားများတွင်တွင်ပြောကာ စာချုပ်များချုပ်ဆိုခဲ့ကြသော်လည်း၊ တပ်မတော်က စစ်ဆင်ရေးများ မရပ်မနား ဆင်နွှဲနေခဲ့သည်။ ငြိမ်းချမ်းရေးစကားဝိုင်းများ ရှိနေခဲ့ သော်လည်း၊ စစ်ရေးပဋိပက္ခများကတော့ လုံးဝရပ်သွားခဲ့သည်ဟု မရှိချေ။ သို့သော်လည်း အစိုးရက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရေးကို အပူတပြင်းဖေါ်ဆောင်နေပြီး၊ ထိုမှတစ်ဆင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရန် ခြေလှမ်းပြင်နေသည်။ အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှစတင်ခဲ့သည်။ ၄ နှစ်အတွင်း နိုင်ငံတကာ  ငွေကြေးထောက်ပံ့မှုနှင့် နိုင်ငံတော်၏ ငွေကြေးထောက်ပံ့မှုများ ဒေါ်လာဘီလျံနှင့်ချီ သုံးစွဲခဲ့ပြီး၊  ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အဆက်မပြတ် ပြုလုပ်ခဲ့သည်။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ်များလည်း ရေးထိုးခဲ့ကြသည်။ သို့သော်လည်း အစိုးရနှင့် ချုပ်ဆိုသည့် Ceasefire greements များကို တပ်မတော် က အသိအမှတ်ပြုမှု ရှိ/မရှိ ဆိုသည်ကို ထိုးစစ်များဆက်ရှိနေသဖြင့် ပြည်သူများက သံသယရှိကြသည်။

သို့သော် (NCA) သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်မှုသည် ကြီးမားသောအောင်မြင်မှုဟု သမ္မတဦးသိန်းစိန်က ဆိုသည်။

“ယခု လက်ငင်းချက်ချင်းမှာပဲ ကျွန်တော်တို့တစ်တွေ အကြားမှာ ကြီးမားတဲ့ အောင်မြင်မှုကြီး တစ်ခုရှိနေပါပြီ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေနဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးကို သဘောတူ လက်ခံခဲ့ကြပါတယ်။ နိုင်ငံတော် အစိုးရဖက် ကလည်း တိုင်းရင်းသား တွေ တောင်းဆိုနေတဲ့ ဒီမိုကရေစီ နဲ့ ဖယ်ဒရယ် စနစ်ကိုအခြေခံတဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်ဖို့အတွက် လက်ခံ သဘောတူခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာ ပြည်ရဲ့ အစိုးရ အဆက်ဆက်မှာ တစ်ခါမှ မရှိခဲ့ဘူးတဲ့ ကျွန်တော်တို့အကြား ဘုံ လက်ခံ ထားတဲ့ အနာဂတ် ပန်းတိုင် တစ်ခုကိုသဘောတူညီ နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဘုံ အနာဂတ်ကို အကောင်အထည်ဖော်နိုင်ဘို့အတွက် NCA ပါ သဘောတူညီချက်များ ကို အကောင် အထည်ဖော်နိုင်ရေးက ကျွန်တော်တို့ အားလုံးအတွက် အရေးကြီးတဲ့ သမိုင်းပေး တာဝန်ပဲ ဖြစ်ပါတယ်။ NCA ဆိုတာ ကျွန်တော်တို့ ထားရစ်ခဲ့မယ့် သမိုင်းအမွေ ဖြစ်ပါလိမ့်မယ်။” ဟု ဥိးသိန်းစိန်က လက်မှတ်ထိုးအခမ်းအနား၌ ပြောခဲ့သည်။

စာချုပ်ကို အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်လျှင်တော့ ဦးသိန်းစိန်ပြောသကဲ့သို့ ကြီးမားသော အောင်မြင်မှုဟု ဆိုနိုင်သည်။ သို့သော် ယခု လက်မှတ်ရေးထိုးရာတွင် အဖွဲ့တစ်ဒါဇင်ကျော် ပါဝင်ခြင်း မရှိသဖြင့် ကြီးမားသော အောင်မြင်မှုဟု ဆိုရခက်သည်။ NCA ပါ သဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်ရေးသည် အားလုံးအတွက် အရေးကြီးသော သမိုင်းပေးတာဝန်ဟု သမ္မတ က ပြောနေသော်လည်း လက်ရှိ ကချင်နှင့် ရှမ်းပြည်နယ်များတွင် စစ်အင်အားတိုးဖြည့်နေမှု၊ စစ်ဆင်ရေးဆက်လက်ဆင်နွှဲနေမှု၊ စစ်ရှောင် ဒုက္ခသည်များအား အစိုးရက တာဝန်ယူရန် ပျက်ကွက်မှု စသည်တို့ကြောင့် တိုင်းရင်းသားအဖွဲ့များက မယုံမကြည်ဖြစ်နေသည်။

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး စာချုပ်တွင် အသိသက်သေအဖြစ် လက်မှတ်ရေးထိုးရန် ဒေါ်အောင်ဆန်းစုကြည်အားလည်း ဖိတ်ကြားခဲ့ သည်။ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အားလုံး ပါဝင်ဖို့လိုအပ်ကြောင်း အားလုံးမပါဝင်ဘဲ လက်မှတ်ရေးထိုးလိုက်မယ်ဆိုရင် တိုင်းရင်း သားတွေကြားထဲ စိတ်ဝမ်းကွဲအောင် လုပ်သလိုမျိုး ဖြစ်သွားမလားလို့ စိုးရိမ်မိကြောင်း

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့၌ အောက်တိုဘာ ၁၁ ရက်နေ့က ရွေးကောက်ပွဲ အောင်နိုင်ရေးမဲဆွယ်စည်း ရုံးဟောပြောပွဲတွင် ဒေသခံတစ်ဦးက အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် မတက်ခြင်းမှာ ဘာကြောင့်ဆိုသည်ကို မေးမြန်းခဲ့ သည်။

"အခုကျမတို့သိသလောက်ကတော့ ၈ ဖွဲ့နဲ့ လက်မှတ်ထိုးမယ်လို့ကြားပါတယ်၊ အဲ့တော့ ကျမတို့အဖွဲ့ချုပ်ကို ဖိတ်ရင်တော့ ကျမတို့က ကိုယ်စားလှယ်လွှတ်မှာပါ၊ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ကျမတို့ သက်သေလက်မှတ်ထိုးရမယ်ဆိုရင် တိုင်းရင်းသားတွေ အားလုံး စုံစုံညီညီပါစေချင်ပါတယ်၊ စုံစုံညီညီပါတဲ့ အခါမှ ကျမတို့ထိုး သင့်တယ်လို့ ကျမတို့ယုံကြည်ပါတယ်၊ ကျမတို့က မစုံညီဘဲ  လက်မှတ်ထိုးလိုက်ရင် တိုင်းရင်းသားတွေ ကြားထဲမှာ စိတ်ဝမ်းကွဲအောင် လုပ်သလိုများဖြစ်သွားမလားဆိုပြီး စိုးရိမ်စိတ်ရှိပါတယ်၊ အပစ်အခတ်ရပ် စဲရေးဖြစ်နိုင်သလောက်ဖြစ်မြောက်တာကို ကျမတို့အနေနဲ့ ကြိုဆိုပါတယ်၊ အပြည့် အဝဖြစ်မြောက်သည် အထိ စောင့်ပြီးတော့မှ ပါဝင်ချင်ပါတယ်"- ဟု ဒေါ်အောင်ဆန်းစုကြည် ဖြေကြားခဲ့သည်။

ထို့ကြောင့် လက်ရှိ NCA စာချုပ်ချုပ်ဆိုပြီးသည်နှင့် အစိုးရနှင့်တပ်မတော်က ငြိမ်းချမ်းရေးကို အမှန်အကန် လိုလားသည်ဆိုပါက လက်မှတ်မထိုးသော အဖွဲ့များကို စစ်ရေးအရ ဖိအားပေးခြင်းများကို ရှောင်ရှားခြင်းဖြင့် ယုံကြည်မှုခိုင်မြဲအောင်လုပ်သင့်သည်။

ဤ အချက်နှင့် စပ်လျဉ်း၍ အောက်တိုဘာ ၁၅၊ ၂၀၁၅ နေ့တွင် အမေရိကန် နိုင်ငံခြားရေးဌာန၏ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီ၏ သတင်းထုတ်ပြန်ချက်၌ အောက်ပါအတိုင်း တိုက်တွန်းထားသည်ကို သတိပြုသင်သည်။

“အမျိုးသားယုံကြည်မှုတည်ဆောက်ရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက်ဖြစ်စဉ်များတိုးတက်ရေး ဆက်လက် အားထုတ်ရန်အတွက် သက်ဆိုင်သူများကြား ဆွေးနွေးပွဲများက မရှိမဖြစ်အရေးပါလှပါသည်။ သက်ဆိုင်သူများအချင်းချင်းကြားတွင် လည်းကောင်း၊ အရပ်ဘက်ကိုယ်စားလှယ်များနှင့်လည်းကောင်း အပေးအယူမျှတ၍ ညီညွတ်သောစိတ်ဓာတ်ဖြင့် ဆက်လက်၍ ထိတွေ့ဆက်ဆံသွားရန် မိမိတို့ကတိုက်တွန်းပါသည်။ အထူးသဖြင့် နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲတစ်ခုအပြီးသတ်စေရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများဆက်လက်ပြုလုပ်နိုင်ရေးအတွက်ဖြစ်ပါသည်။ ယင်းသို့အားထုတ်ရန်အတွက် ပြစ်ဒဏ်ဖြင့်ခြိမ်းခြောက်ခြင်း သို့တည်းမဟုတ် ခြွင်းချက်တစ်စုံတရာမရှိဘဲ ဆွေးနွေးပွဲများမှတစ်ဆင့် ဆက်လက်ဆောင်ရွက်နိုင်မည်ဟု မိမိတို့မျှော်လင့်ပါသည်။ ကချင်နှင့်ရှမ်းပြည်နယ်များတွင် ထိုးစစ်များဆင်နွှဲနေခြင်း၊ ထိုနေရာများရှိပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးနေသူ၁၀၀,၀၀၀ကျော်တို့ထံ လူသားချင်းစာနာထောက်ထားသောအထောက်အပံ့များရောက်ရှိရန်ခက်ခဲနေခြင်း သတင်းများကြောင့် မိမိတို့ကစိုးရိမ်နေဆဲဖြစ်ပါသည်။ အဆိုပါအကူအညီလိုအပ်နေသူများအားလုံးထံသို့ လူသားချင်းစာနာထောက်ထားသောအထောက်အပံ့အကူအညီများ ခြွင်းချက်မရှိ၊ နှောင့်နှေးခြင်းမရှိစေဘဲ အနှောင်အဖွဲ့ကင်းစွာရောက်ရှိစေရန် သက်ဆိုင်သူအားလုံးက ကြိုးပမ်းဆောင်ရွက်ပါရန်လည်း မိမိတို့က အလေးအနက်တိုက်တွန်းအပ်ပါသည်။”

သို့ဖြစ်သဖြင့် အစိုးရ၊ တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ငြိမ်းချမ်းရေးကို အမှန်တကယ် သမိုင်းတွင်အောင် တည်ဆောက်ရန် ပိုင်ဖြတ်ချက်ရှိပါက၊ စာချုပ်ပါ စည်းကမ်းချက်များကို လေးစားစွာ လိုက်နာကြဖို့ လိုပေသည်။ စစ်ဆင်ရေးမှန်သမျှ၊ စစ်တပ်အင်အားတိုးချဲ့ဖြန့်ကျက်မှုမှမှန်သမျှ လုံး၀ ရပ်ဆိုင်းမှသာ ကျန်အဖွဲ့များ၏ ယုံကြည်မှုကို ရရှိနိုင်ပေမည်။ ၎င်းတို့ ယုံယုံ ကြည်ကြည် ပါဝင်လက်မှတ်ရေးထိုးလာအောင် လက်တွေ့ကျသည့် ငြိမ်းချမ်းရေးအခင်းအကျင်းများဖြင့် သက်သေပြရမည်ဖြစ်သည်။ စစ်ရေးပြင်ဆင်လှုပ်ရှားမှု အခင်းအကျင်းအားလုံးကို အစိုးရက ရပ်ဆိုင်းခြင်းအားဖြင့် မကြာမီ စတင်တော့မည့် ရွေးကောက်ပွဲကိုလည်း ငြိမ်းငြိမ်းချမ်းချမ်း အောင်အောင်မြင်မြင် ကျင်းပနိုင်အောင် ကူညီရာရောက်ပေသည်။

လတ်တလော အစိုးရနှင့် တပ်မတော်က ဆောင်ရွက်သင့်သည်မှာ အပြစ်မဲ့စစ်ပြေးဒုက္ခသည် ပြည်သူများထံ လူသားချင်းစာနာ ထောက်ထားသည့် အထောက်အပံ့အကူအညီများ မဖြစ်မနေ ဖြန့်ဝေထောက်ပံ့ပေးရေးဖြစ်သည်။ ပြည်သူ့အကျိုးကိုထမ်းဆောင်မည့် အစိုးရ၊ ပြည်သူ့အကျိုးကို ကာကွယ်မည့် တပ်မတော် ဖြစ်ကြောင်း အမှန်တကယ် ပြသလိုပါက ဘေးဒုက္ခ အန္တရာယ်ကျရောက်နေသော နိုင်ငံသူနိုင်ငံသားတို့အား ခွဲခြားမှုမရှိဘဲ ရင်ဝယ်သားကဲ့သို့ ထွေးပွေ့စောင့်ရှောက်ရပေမည်။ သို့မှသာ တိုင်းရင်းသားခပ်သိမ်း၏ ယုံကြည်ကိုးစားမှုကို ရယူနိုင်ပေမည်။ အချုပ်အားဖြင့် ဆိုရလျှင် စစ်ဆင်ရေးမှန်သမျှ ရပ်စဲနိုင်မှသာ မြန်မာနိုင်ငံ သမိုင်းအသစ်ကို စတင်နိုင်ပေလိမ့်မည်။ ထိုးစစ်ဆင်မှုအားလုံး ရပ်ဆိုင်းစေလိုကြောင်း အလေးအနက် တိုက်တွန်းအပ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required