ဖောက်ခွဲရေးပစ္စည်းများနှင့်ဖမ်းမိခဲ့သော AA လက်နက်ကိုင်အဖွဲ့မှ ဒုအရာခံဗိုလ် တစ်ဦးအပါအဝင် ၆ ဦးကို ဒုတိယအကြိမ် ရုံးထုတ်

ဖောက်ခွဲရေးပစ္စည်းများနှင့်ဖမ်းမိခဲ့သော AA လက်နက်ကိုင်အဖွဲ့မှ ဒုအရာခံဗိုလ် တစ်ဦးအပါအဝင် ၆ ဦးကို ဒုတိယအကြိမ် ရုံးထုတ်
 ယခင်အောက်တိုဘာ ၈ ရက်နေ့ ရုံးထုတ်မှုမြင်ကွင်း။

မန္တလေး အောက်တိုဘာ ၂၂ ။        ။ မန္တလေးမြို့တွင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် AA လက်နက်ကိုင်အဖွဲ့မှ ဒုအရာခံဗိုလ် တစ်ဦးအပါအဝင် ၆ ဦးကို အောက်တိုဘာလ ၂၂ ရက် မွန်းလွဲ ၃ နာရီက မန္တလေးခရိုင် တရားရုံးတွင် ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။

"AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဝင်များကို စွဲဆိုထားတဲ့အမှုမှာ တရားခံပြေး အမှုနဲ့ပတ် သက်ပြီးတော့ ဒီနေ့ဟာဖမ်းဝရမ်းအတည်ပြုပေးတဲ့ ရဲအရာရှိ နှစ်ယောက်နဲ့အတည်ပြု အရပ်ဖက် နှစ်ယောက်ကို စစ်ဆေးခဲ့ပါတယ်။"ဟု မန္တလေးခရိုင်တရားရုံးမှ သတင်းနှင့်ပြန်ကြားရေးအရာရှိ ဒေါ်မာလာထွဋ်က ပြောသည်။

လာမည့် ရုံးချိန်းကို နိုဝင်ဘာလ ၄ ရက်နေ့သို့ ချိန်းဆိုထားပြီး အဆိုပါရုံးချိန်းတွင် မည်သို့ စစ်ဆေး သွားရမည်ကို မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အစည်းအဝေး ပြုလုပ်သွားမည်ဟု ဒေါ်မာလာထွဋ်က ဆိုသည်။
"မှုခင်းစီမံခန့်ခွဲမှုမှာ ဘယ်နေ့မှာ တရားလိုပြသက်သေတွေကို ဘယ်သူတွေကို စစ်ပါမယ်ဆိုတာကို တစ်ခါတည်းသတ်မှတ်ပေးမှာဖြစ်ပါတယ်။"ဟု ဒေါ်မာလာထွဋ်ကပြောသည်။

ထိုသိုမှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးပြုလုပ်ရခြင်းမှာ အမှုကိုလျင်မြန်စွာ စစ်ဆေးနိုင်ရန်အတွက် ဖြစ်ကြောင်းသိရသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်ကမန္တလေးမြို့ ချမ်းမြ သာစည်မြို့နယ်၊မြို့သစ် (၅) ရပ်ကွက်ရှိ လမ်း ၇၀၊ ဒဿနလမ်းရှိ နေအိမ်တစ်ခုတွင် အမျိုးသား (၄) ဦးနှင့်အတူ ဖောက်ခွဲဖျက်ဆီး ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့် ဆက်သွယ်ရေးပစ္စည်းများ ဖမ်းဆီရရှိခဲ့ပြီး နောက်ထပ်ဆက်စပ်သူ (၂) ဦးကို ဆက်လက်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အဆိုပါအမှုမှ ဆက်စပ်ပါဝင်သူ (၃) ဦးမှာ လွတ်မြောက်နေဆဲဖြစ်သည်။ ၎င်းတို့ကို တရားခံပြေးများအဖြစ် ဝရမ်းထုတ်ထားကြောင်းသိရသည်။

လက်ရှိဖမ်းဆီးရမိ၍ တရားရင်ဆိုင်နေရသူများမှာ AA တပ်ဖွဲ့မှ ဒုအရာခံဗိုလ် အောင်လင်းထက် (ခ) လင်းထက် (ခ) ကျော်သူရ ၊ AA တပ်ဖွဲ့မှ ဒုတပ်ကြပ် ချမ်းငြိမ်း ၊ AA တပ်ဖွဲ့မှ ဒုတပ်ကြပ် မြတ်ခိုင်၊ ကျောက်အရောင်းအဝယ် လုပ်ကိုင်သည့် မိုးကျော် (ခ) ဦးမိုးကျော် နှင့် ဝင်းသိန်း၊ ကားဂိတ်ဂိတ်မှူး ကျော်ကျော်ဖြိုး (ခ) ကိုဖြိုး တို့ဖြစ်ပြီး အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၁(ဂ)/၅၂(က) တို့ဖြင့် တရားရုံး စွဲခံထားရခြင်းဖြစ်သည်။

လွတ်မြောက်နေသူ (၃)ဦးမှာ ဖြိုးဝေ(ခ)ကိုဖြိုး၊ မောင်မောင်စိုး နှင့် မဦးသန်းခင်တို့ ဖြစ်ပြီး မန္တလေး ခရိုင်တရားရုံး၏ ရာဇဝတ် အထွေထွေမှုအမှတ် ၇၄/၂၀၁၉ ဖြင့် လက်ခံထားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် ဖမ်းဆီးရမိခဲ့သော ပစ္စည်းများမှာ THLIRAYA XT-ITTE. Satellite Phone (အသစ်) အလုံး (၄၀)၊ မှန်ပြောင်း (BAIGISH) made in RUSSIA (၃၀) ခု၊ GARMIN (GPS+GLONASS) (၂၅)လုံး၊ ယမ်းတုံးဟုယူဆရသော အထုပ်(၂၈)ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ (၁၀) ခု၊ ဖယောင်းချောင်း (၃၅) ချောင်း၊ စက္ကူဖြူ ၁၅ လိပ်ပါ (၃)ထုပ်၊ ယမ်းဖြူဟုယူဆရသော (ဆာလာအိတ်ဖြင့်ထည့်လျက်) ၅ အိတ်နှင့် စက္ကူညို (၁) ထုပ်တို့ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required