ဖွဲ့စည်းပုံ ပြင်ဆင်ရေး အန္တရာယ်ရှိနိုင်သည် ဟု ပြောဆိုချက် ပြည်သူကို ခြိမ်းခြောက်သလားဟု မေးခွန်းထုတ်

ဖွဲ့စည်းပုံ ပြင်ဆင်ရေး အန္တရာယ်ရှိနိုင်သည် ဟု ပြောဆိုချက် ပြည်သူကို ခြိမ်းခြောက်သလားဟု မေးခွန်းထုတ်

နေပြည်တော်၊ဇူလိုင်လ ၁၈၊ ။         ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး  အန္တရာယ်ရှိသည် ဆိုသည့် စကားလုံး အသုံးအနှုန်းမှာ   ပြည်သူကို ခြိမ်းခြောက်သလားဟု  NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း က မေးခွန်းထုတ် ပြောဆိုလိုက်သည်။

ဇူလိုင်လ (၁၈)ရက်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာ (၂)ရှိ ၄င်း၏ နားနေခန်းတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အခြေခံဥပဒေပြင်ဆင်ရေးမှာ အန္တရာယ်ရှိလာ မယ်လို့ မြင်ရတယ်ပေါ့ဗျာ။ ဒီအသုံးအနှုန်း က ကျွှန်တော်က ပြည်သူကို ခြိမ်းခြောက်တာ လား။ သို့မဟုတ် ဒီလိုတင်တဲ့ ပုဂ္ဂိုလ်တွေကို ခြိမ်းခြောက်တာလား ဒါတော့ ကျွန်တော်အတပ်မပြောနိုင်ဘူးပေါ့လေ။  ဒါပေမယ့် သူတို့ ပြောပုံ  ပြောတဲ့ စကားတွေကို ကြည့်လို့ရှိရင် ဒီလို ခြိမ်းခြောက် နေတယ်ဆိုတာက ဘာကို ရည်ရွယ်ပြီးတော့ ခင်ဗျားတို့ ခြိမ်းခြောက်တဲ့ စကားကို သုံးနှုန်းတာလဲလို့ အဲ့လိုပဲ ကျွန်တော် မေးချင်ပါတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းက ပြောသည်။

၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ(၄၅)ဦး၏ လေ့လာတွေ့ရှိချက်နှင့်  သဘောထားမှတ်ချက် အစီရင်ခံစာ အရ ပြင်ဆင်ရန်၊ ဖြည့်စွက်ရန်၊ ပယ်ဖျက်ရန်နှင့် မူလအတိုင်းထားရှိရန်ဆိုသည့်  အကြံပြုချက် (၃၇၀၀) ကျော်အပေါ် ဝေဖန်မှုများ ရှိနေသလို ထောက်ခံသူများလည်း ရှိနေသည်။  

“အစီရင်ခံစာမှာပါတဲ့ အချက်ပေါင်း ၃ရဝဝကျော်ကို ပြင်ဆင်ဖို့ လျာထားတာ ဒီပြင်ဆင်ဖို့ လျာထားတယ်ဆိုတာ တကယ်တော့ ဥပဒေ မဟုတ်သေးဘူးလေဗျာ။ လျာထားတယ်ဆိုတာ ဒီလျာထားချက်ပေါ်မှာ ကျွန်တေ်ာတို့ ဆွေးနွေးရမယ်။ ပြော ဆိုရမယ်၊ ညှိုနှိုင်းချက်တွေ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်။ ဘာဖြစ်လို့ အဲ့ဒီလို ၃၇၀၀ ကျော်ကြီးက မဖြစ်နိုင်တာကြီးကို လုပ်နေတယ်ဆိုတဲ့ စွတ်စွဲချက်တွေ ဘာလို့လုပ်နေတာလဲ။ ဒါကျွန်တော်တို့က ပါတီဝင်တစ်ယောက်ကို ကိုယ်စားပြုပြီး ပြောနေတာ မဟုတ်ဘူး။ လွှတ်တေ်ာတက်နေတဲ့ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပြည်သူကို မျက်နှာမူပြီး ပြောရမယ့်စကားတစ်ရပ်ဖြစ်တယ်ဆိုတဲ့ အမြင်မျိုးနဲ့ ကျွန်တော်ပြောနေခြင်းဖြစ်ပါတယ်” ဟု ဦးအောင်သိန်းက ထပ်မံပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး  ဆွေးနွေးလိုသည့်  လွှတ်တေ်ာကိုယ်စားလှယ်များရှိပါက လာမည့် ဇူလိုင်လ(၂၂)ရက်နေ့ နောက်ဆုံးထားကာ အမည်စာရင်းပေးသွင်းရန်  ပြည်ထောင်စုလွှတ်တော်က ကြေညာထားသည်။

 ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ဦး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ထောက်ခံသူများက ရန်ကုန်မြို့ အပါအဝင် မြို့ကြီးအချို့တွင်  ထောက်ခံ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့သလို ပုဒ်မ ၅၉(စ) မပြင်ဆင်ရေးနှင့် ဖွဲ့စည်းပုံပါ ပြင်ဆင်ရေးလမ်းကြောင်းအတိုင်းသာ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်မှုများ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly