ပဋိပက္ခတွေက ႏိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အဟန့်အတားလား

By မိုင်းရူကော၊ ရွှေဖီမြေ
10 July 2019
ပဋိပက္ခတွေက ႏိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အဟန့်အတားလား

 မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုများ နှောင့်နှေးသွားသည်ဟု သုံးသပ်မှုများ ရှိနေသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပဋိပက္ခဖြစ်ပွားနေသည့် ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်များတွင် စီးပွားရေးဝင်ရောက်လုပ်ကိုင်ရန် အလားအလာကောင်းများရှိသော်လည်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ရင်းနှီးမြှုပ်နှံသူများက ဆက်လက်ရှေ့မတိုးသာပဲ ရှိနေသည်။

နယ်မြေတည်ငြိမ်မှုမရှိသော တိုင်းရင်းသား ပြည်နယ်များအဖို့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မလာရခြင်း၏ အကြောင်းရင်းမှာ တိုက်ပွဲပဋိပက္ခသည်သာ အဓိကဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

နိုင်ငံရေးတည်ငြိမ်သွားလျှင် ရင်းနှီးမြှုပ်နှံလိုသူများသည် အလိုလိုဝင်ရောက်လာမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညီစိန်က ပြောပါသည်။

“တိုက်ပွဲပဋိပက္ခက အဓိကဘဲ။ ဘာလို့လဲဆိုတော့ ပြည်ပရင်းနှီးမြုပ်နှံသူတွေ ဒီဒေသက မအေးချမ်းတော့ ဘာတွေရင်းနှီးမြုပ်နှံလို့ရတယ်ဆိုတာကို လာမစုံစမ်းရဲလို့ မသိတာလေ။ ပြန်တွေးကြည့်မယ်ဆိုရင် နိုင်ငံရေး မအေးချမ်းလို့ပေါ့။ ဒီနေ့သာ အေးချမ်းသွားရင် နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေက မနက်ဖြန် လာမှာဘဲလေ။ သူတို့က သူဌေးတွေကိုးဗျ ဌေးသထက် ဌေးချင်ကြတာ။ အေးချမ်းသွားတာနဲ့ လာကြမှာဘဲ။ သူတို့ရောက်လာရင် ဒေသကတော့ ဖွံ့ဖြိုးလာမှာပါ။ အဓိကတော့ ဒေသအခြေနေ တိုင်းပြည်အခြေအနေ အမြန်အေးချမ်းဖို့လိုပါတယ်။ တိုင်းပြည်အေးချမ်းသွားမှသာလျှင် ဘက်စုံဖွ့ံဖြိုးတိုးတက်လာမှာ သေချာတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ် အချင်းချင်းကြားသော်လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့် တပ်မတော်တို့အကြား လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းသည် နယ်မြေလုခြင်းနှင့် အခွန်ပြဿနာများကြောင့် တိုက်ပွဲဖြစ်ပွားနေရခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသခံများက ပြောဆိုနေကြသည်။

သျှမ်းလူငယ်အဖွဲ့(Tai Youth Organization)၏ သျှမ်းပြည်နယ် မြောက်ပိုင်းတာဝန်ခံ စိုင်းဟန်ကလည်း “လက်နက်ကိုင်ပဋိပက္ခနဲ့ ဆက်စပ်နေတာပေ့ါ။ တိုက်ပွဲဖြစ်နေမှတော့ မြေလွတ်မြေရိုင်းတွေ ဘယ်လောက်ဘဲ ရှိနေပါစေ တိုက်ပွဲအရှိန်မလျှော့နိုင်သရွှေ့ ဘာအလုပ်သွားလုပ်လို့ အောင်မြင်နိုင်မလဲပေါ့။ ရင်းနှီးမြှုပ်နှံမှုဆိုတာက အချိန်တိုတိုနဲ့ ပြီးတဲ့ကိစ္စမဟုတ်တော့ တိုက်ပွဲဖြစ်နေတဲ့အတွက်ကြောင့် ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းက အကောင်ထည် မဖော်နိုင်ဘူးလို့ဘဲ ကျနော်တို့မြင်တယ်” ဟု စိုင်းဟန်က ထောက်ပြပြောဆိုသည်။

လက်ရှိအချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှုနည်းနေသော်လည်း မြေယာပြဿနာများ ဖြစ်ပွားနေသည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ဝင်လာပါကလဲ မြေယာပြဿနာများ ပိုမိုရှုပ်ထွေးလာနိုင်ကြောင်း ၎င်းကဆိုသည်။

“နိုင်ငံခြားဘဲဝင်ဝင် ဘယ်လိုဘဲဝင်ဝင် မြေယာနဲ့ပတ်သက်ပြီးတော့ ပြဿနာက ပိုရှုပ်လာမှာဘဲ။ ဘာလို့လဲဆိုတော့ အခုမဝင်သေးတာတောင်မှ ကျနော်တို့အတွက် ရှုပ်နေတာဘဲ။ မြန်မာနိုင်ငံရဲ့ ထုံးစံကတော့ တခြားနိုင်ငံက မြေယာအတွက် တန်ရာတန်ကြေးပေးပေမဲ့ ပြည်သူလက်ထဲမရောက်ဘူးဆိုတာကို သိနေကြတာဘဲလေ” ဟု စိုင်းဟန်က ဆက်ပြောသည်။

သို့သော် ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့၏ သုံးသပ်ချက်များအရ စီးပွားရေးလုပ်ငန်းများအတွက် လုပ်သာကိုင်သာဖြစ်စေမည့် ဝန်းကျင်တစ်ရပ်ရှိ မြန်မာနိုင်ငံတွင် ရှိမနေခြင်းက ပို၍အဓိကကျကြောင်း ကျွမ်းကျင်သူများက ပြောဆိုသည်။

“ကမ္ဘာ့ဘဏ်က စစ်တမ်းလုပ်တဲ့ထဲမှာ ပဋိပက္ခကြောင့် ရင်းနှီးမြှုပ်နှံမှု ပမာဏကျသွားတယ်ဆိုတာ သိပ်မတွေ့ရဘူး။ သူက ဘယ်လိုလဲဆိုတော့ အကျိုးအပြစ် ဒွန်တွဲနေတာ။ ပဋိပက္ခရဲ့အခြေအနေက အလားအလာထက် ပိုပြီးအားကြီးနေရင်တော့ ရင်းနှီးမြှုပ်နှံမှု မလာဘူး။ အလားအလာရဲ့ အခြေအနေက ပဋိပက္ခထက် ဆွဲဆောင်မှုအားကောင်းနေရင် ရင်းနှီးမြှုပ်နှံမှုလာတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နုုိင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောသည်။

ကမ္ဘာ့ဘဏ်၏ နိုင်ငံပေါင်း ၁၉၀ အတွက် မိမိတို့နို်င်ငံတွင်းသို့ စီးပွားရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်နိုင်မှုအဆင့်တွင် မြန်မာနိုင်ငံသည် ၁၇၁ နေရာတွင်သာ ရှိသေးသည်။

ချေးငွေရယူနိုင်မှု၊ လျှပ်စစ်မီးရရှိမှု၊ ရှယ်ယာ အနည်းငယ်သာပိုင်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှုများကိုု ဥပဒေအရ အကာအကွယ်ပေးခြင်း၊ စာချုပ်ပါအချက်အလက်များအတိုင်း လုပ်ဆောင်မှု၊   လုပ်ငန်းတစ်ခု စတင်လုပ်ကိုင်နိုင်မှု စသည်တို့တွင် တိုးတက်ပြောင်းလဲနိုင်မှု နဲပါးနေသေးသည်။

ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံအတွက် လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၆၇ ဘီလျံတွင် အိမ်နီးချင်းတရုတ်၏ ရင်းနှီးမြှုပ်နှံမှုများနှင့် စင်ကာပူမှတဆင့် ဝင်ရောက်လာသော ရင်းနှီးမြှုပ်နှံမှုများက အများဆုံးဖြစ်နေသည်။ ကမ္ဘာ့ဘဏ်၏ စစ်တမ်းအရ မြန်မာနိုင်ငံတွင်း အလားအလာကောင်းသည့် နယ်ပယ်အမြောက်အများ ရှိနေသေးသော်လည်း ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍများတွင်သာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုများ ရှိနေသေးသည်။

ကချင်ပြည်နယ်သည် နှစ်ပေါင်းများစွာ ဒေသတွင်းစစ်ပွဲများဖြစ်ပွားသည့် နယ်မြေတစ်ခု ဖြစ်သော်လည်း ရေအားလျှပ်စစ်စီမံကိန်းများရှိခြင်းကြောင့် လက်ရှိဆောင်ရွက်နေသည့် အမေရိကန်ဒေါ်လာ ၁၂ ဘီလျံနှင့်  ရန်ကုန်တိုင်းဒေသကြီးပြီးလျှင် ရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံး ဝင်ရောက်သည့် နယ်မြေတစ်ခုဖြစ်နေသည်။

ရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံရေးတည်ငြိမ်မှုကို အဓိကထားကာ ရင်းနှီးမြှုပ်နှံမှုများ လုပ်နေကြောင်း ပလောင်လက်ဖက်စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်း(ဗဟို)၏ အတွင်းရေးမှူးဖြစ်သူ ကိုသိန်းထွေးက ပြောသည်။

“ရင်းနှီးမြှုပ်နှံသူတွေကတော့ နိုင်ငံရေးကို သုံးသပ်မယ်။ Cash flow ကို သုံးသပ်မယ်။ နိုင်ငံရေးတည်ငြိမ်မှုကလဲ အရေးကြီးတာလေ။ သူရင်းနှီးမြှုပ်နှံထားတဲ့ဟာတွေက နိုင်ငံရေးတည်ငြိမ်မှုမရှိဘူးဆိုရင် ရပ်တန့်မှုတွေ ဖြစ်လာနိုင်တယ်။ ရင်းနှီးမြှုပ်နှံမှုမူဝါဒ ဘယ်လောက်ဘဲ ရေးဆွဲထားပါစေ အောက်ခြေမှာ လည်ပတ်နေတဲ့ဟာ ဘယ်လောက်ထိ မြန်ဆန်လဲဆိုတဲ့အပေါ်မှာ မူတည်တယ်” ဟု ၎င်းက ပြောပါသည်။

“၂ဝ၁၇၊ ၂ဝ၁၈ နောက်ပိုင်းမှာ နိုင်ငံရေးက မသဲမကွဲဖြစ်လာတဲ့အခါမှာ ရင်းနှီးမြှုပ်နှံသူတစ်ယောက်အနေနဲ့က ပေါ်လစီတိတိကျကျ သိချင်တယ်။ သူလုပ်မယ်ဆိုရင် ဥပဒေအရ ဘယ်လောက်ထိ ခိုင်မာမှုရှိလဲပေါ့။ နောက် အရည်အသွေးက ဘယ်လောက်ထိရှိလဲ အများကြီးစဉ်းစားမှာဘဲလေ” ဟု ကိုသိန်းထွေးက ဆက်ပြောသည်။

အလားတူ ရခိုု်င်ပြည်နယ်တွင်လည်း ကမ်းလွန်ဒေသရေနံသဘာဝ လုပ်ကွက်များကြောင့် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော် ရှိသည်။ သို့သော် အဆိုပါဒေသများတွင် သယံဇာတခွဲဝေမှုများ၊ စီမံခန့်ခွဲမှုများနှင့် ပတ်သက်၍ တိုင်းရင်းသားအရေးနှင့် လူမှုရေးပဋိပက္ခ တင်းမာမှုများရှိနေသေးသည်။

ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေးအတွက် နိုင်ငံရေးတည်ငြိမ်မှုနှင့် မူဝါဒတည်ငြိမ်မှုနှစ်ချက်က အရေးကြီးကြောင်း ဦးအောင်နိုင်ဦးကပြောသည်။

ကချင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် နှောင့်နှေးရခြင်းမှာ နိုင်ငံရေးအခြေအနေများကြောင့်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒါဘာလဲဆိုတော့ နိုင်ငံရေးမတည်ငြိမ်မှုရဲ့နောက်ကွယ်မှာ လုံခြုံရေးအရပါ မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တယ်။ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာဖို့ဆိုရင် လုံခြုံရေးကဏ္ဍနဲ့ နိုင်ငံရေးတည်ငြိမ်ဖို့က အရေးကြီးတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များအကြား ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ဒေသတွင်း မငြိမ်မသက်ဖြစ်နေသေးသည့်  ရှမ်းပြည်နယ်သည် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အချက်အချာကျသည့် နယ်မြေဒေသဖြစ်သော်လည်း လက်ရှိ ဝင်ရောက်ဆဲဖြစ်သည့် ပမာဏမှာမူ အမေရိကန်ဒေါ်လာ ၁ ဘီလီယံပင် မပြည့်သေးပေ။

ရှမ်းပြည်နယ်သည် နယ်မြေဧရိယာအားဖြင့်ကျယ်ဝန်းပြီး တောင်ကြီးနှင့် လားရှိုးမြိ့ကြီးများမှလွှဲလျှင် ကျန်နေရာများမှာ လမ်းပန်းဆက်သွယ်ရေးနှင့် စျေးကွက်ခိုင်မာမှုအားနဲခြင်းတို့ကြောင့် စီးပွားရေးလုပ်ငန်းများ ဝင်ရောက်မှုအားနဲရခြင်း ဖြစ်ကြောင်း ဦးအောင်နိုင်ဦးကပြောသည်။

သို့သော် မြေဧရိယာကျယ်ပြောခြင်းနှင့် သယံဇာတထွက်ရှိမှု အခြေအနေပေါ်မူတည်ပြီး ခရီးသွားလုပ်ငန်း၊ သတ္တုတူးဖော်ရေးနှင့် သန့်စင်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုုပ်ငန်း စသည့်နယ်ပယ်များမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အလားအလာကောင်းများရှိကြောင်း ၎င်းကပြောသည်။

“ရှမ်းပြည်နယ်မှာက အလားလာ အများကြီးရှိသော်လည်း ဒီအလားအလာတွေကို အပြည့်အဝ ထုတ်မသုံးနိုင်သေးဘူး။ ရှမ်းပြည်နယ်မှာရှိတဲ့ အလားအလာတွေကိုလဲ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေသိတာ အရမ်းနည်းသေးတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က အစိုးရသစ်တက်လာခါစ ရှမ်းပြည်နယ်မှာသွားပြီး ရင်းနှီးမြှုပ်နှံမှုပြပွဲ လုပ်တယ်။ အဲဒီအချိန်မှာမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ရှမ်းပြည်မှာ ဒါတွေလုပ်လို့ရတယ်ဆိုတာ သိသွားတယ်” ဟု ၎င်းကပြောသည်။

ပဋိပက္ခဖြစ်ပွားရာဒေသမဟုတ်သော်လည်း စားသုံးသူ စျေးကွက်နှင့် လမ်းတံတားစသော အဓိကကျသည့် အခြေခံအဆောက်အအုံများ လိုအပ်နေသေးသည့် ချင်း၊ ကယားနှင့် ကရင်ပြည်နယ်များတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှုမရှိသလောက်ဖြစ်နေသည်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နုုိင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။

ပုံမှန်အားဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အခွန်ကင်းလွတ်ခွင့်ကို သုံးနှစ်အထိ ပေးထားသော်လည်း မဖွံ့ဖြိုးသေးသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံပါက အခွန်ကင်းလွတ်ခွင့်ကို ခုနှစ်နှစ်အထိ ပေးထားသည်။

 

Mizzima Weekly