ဇူလိုင် ၇ ရက်၊ ရန်ကုန် ။ ။ AA တပ်မှ ထိပ်တန်းခေါင်းဆောင်များသည် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)ဖြင့် အမှုဖွင့်ခံထားရကြောင်း ရခိုင်အမျိုးသားပါတီဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က မဇ္စျိမကို ပြောသည်။
မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာ ဒေသခံ (၇)ဦး နှင့် AA ထိပ်ပိုင်း ခေါင်းဆောင် (၅)ဦးတို့ကို ဒုရဲမှူးအောင်သူရက တရားလိုပြုလုပ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။
“ဧပြီလတည်းက ဖွင့်ထားတာ။ ၁၂ယောက်ကို အမှုဖွင့်ထားပြီး တရားစွဲထားတာကြာပြီ။ စွဲတော့ အဲ့ဒီအမှုမှာ ဖမ်းမရသေးတဲ့ တရားခံကြီးတွေလည်း ပါတယ်။ ပြီးတော့ လုပ်ထုံးလုပ်နည်းအရ တရားခံပြေးအမှုဆိုတာ ရှိတယ်။ ဆိုတော့ အဲ့ဒီအမှုမှာ တရားခံပြေးဆိုတော့ ထွန်းမြင့်နိုင်ရယ်၊ ညိုထွန်းအောင်ရယ်၊ ကျော်ဟန်ရယ်၊ ခိုင်သုခရယ် နောက် စံရွှေမောင်ရယ် ကျန်တစ်ယောက်ပါတယ်” ဟု ၄င်းက ပြောသည်။
စစ်တွေခရိုင်တရားရုံး၏ ရာဇဝတ်ကြီးမှုအမှတ် ၄၆/ ၂၀၁၉အမှုတွင် အမှုလိုက်ပေးရန် ရှေ့နေ့ကိုယ်စားလှယ်လွှဲစာကို ဇူလိုင်လ ၇ ရက်နေ့တွင် လက်ခံရရှိခဲ့သဖြင့် အမှု့ကို လေ့လာရာတွင် AA တပ်မှ ထိတ်ပိုင်းခေါင်းဆောင်းများ ပါဝင်နေသည်ကို တွေ့ရသည်ဟု ဒေါ်အေးနုစိန်က ဆိုသည်။
အဆိုပါအမှုကို ဇူလိုင် ၄ ရက်နေ့တွင် ရုံးထုတ်ခဲ့ပြီး တရားခံပြေးအမှုနှင့် ဆက်စပ်နေသောကြောင့် စစ်ဆေး၍ မရသေးသဖြင့် ဇူလိုင်လ ၁၈ ရက်နေ့သို့ ပြန်လည် ချိန်းဆိုထားကြောင်း သိရသည်။
အမှုတွင် ပါဝင်နေသည့် ကျောင်းတောင်ရွာသား (၇)ဦးသည် မင်းပြားမြို့နယ်၊ ပန်းမြောင်းတိုက်နယ်၊ သပေါ့စာတဲစုတွင် နေထိုင်သူ တစ်ဦး နေမကောင်းသဖြင့် မြောက်ဦးဆေးရုံသို့ လိုက်ပို့စဉ် ဖမ်းဆီးခံခဲ့ရသူများ ဖြစ်သည်။