ရခိုင်လယ်သမားများ ကျွဲ၊ နွား အခိုးခံရမှုနှင့် ရင်ဆိုင်နေရ

ရခိုင်လယ်သမားများ ကျွဲ၊ နွား အခိုးခံရမှုနှင့် ရင်ဆိုင်နေရ

ရခိုင်ပြည်နယ်အတွင်း ယခင်နှစ်ထက်စာလျင် ယခုနှစ်အတွင်း ကျွဲ၊ နွား အခိုးခံရမှုများ ပိုဖြစ်ပေါ်နေသည်ဟု သိရသည်။

ကျွဲ၊ နွား ခိုးယူ များပြားလာသဖြင့် လယ်သမားများမှာ ကျွဲ၊ နွားရှားပါးမှုဖြင့် ရင်ဆိုင်နေရကြောင်း ပေါက်တောမြို့နယ် ချောင်းကြီး ကျေးရွာသားတစ်ဦးက ပြောကြားသည်။

"ကျွန်တော်တို့ လယ်သမားတွေမှာက ဒီကျွဲနွားတွေကိုပဲ အားကိုးနေကြရတာ။ အခုက နွားခိုးတဲ့သူတွေ များလာကြတယ်။ အမြဲတမ်းအခိုးခံနေရတယ်။ ဒါကြောင့် ကျွဲနွားတွေကို စောင့်အိပ်နေကြရတယ်။ ခိုးတဲ့သူတွေကလည်း အရင်ကနဲ့ မတူတော့ဘူး။ အုပ်လိုက်ကြီးကို မောင်းချသွားတာဆိုတော့ အခိုးခံရတဲ့လယ်သမားဟာ ဘဝပျက်တာပါပဲ။" ဟု ဆိုသည်။

ရခိုင်ပြည်နယ် တောင်ပိုင်းဒေသထက် မြောက်ပိုင်းဒေသဖြစ်သော မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ်များ၌ ကျွဲ၊ နွား ခိုးမှုပိုဖြစ်ကြောင်း သိရသည်။

ပေါက်တောမြို့တွင် ကျွဲနွားခိုးခံရသည်ကို လာတိုင်ကြားကြသော်လည်း အချိန်မမီသောကြောင့် လက်လွှတ်လိုက်မှုများရှိ ကြောင်း ပေါက်တော ရဲစခန်းမှူး ဦးဘစုက ပြောသည်။

"အမြဲတမ်းတော့ မဟုတ်ဘူး။ မကြာမကြာတော့ ကျွဲ၊ နွားခိုးမှုတွေရှိပါတယ်။ လာတိုင်ကြပေမယ့် အချိန်က နောက်ကျတော့ လိုက်မမီတော့လို့ ကျနော်တို့လည်း မသွားတော့ဘူး။ ဒါပေမယ့် လမ်းမှာတော့ ရဲတပ်ရင်းတွေ၊ စစ်တပ်တွေတော့ ရှိပါတယ်။ ကျနော်တို့နဲ့က အရမ်းဝေးတော့ မလိုက်ဖြစ်ဘူး။" ဟု ၎င်းက ပြောသည်။

စက်တင်ဘာလအတွင်းက ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာအုပ်စု တန်းစွယ်ကျေးရွာ အမှတ် (၆၀၅) ပဇီကွင်းတွင် ကျွဲ၊ နွား အကောင်း ၂၀ ခန့် အခိုးခံခဲ့ရကြောင်း၊ ယင်းခိုးသူများမှာ အနီးအနားရှိ ဘင်္ဂလီကျေးရွာများမှဖြစ်ပြီး ကျွဲ၊ နွားပိုင်ရှင် ၆ ဦးနှင့် ဘင်္ဂလီ ၆ ဦး ထိပ်တိုက်တွေ့ကာ ပြဿနာဖြစ်ပွားပြီး ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပိုင်ရှင်တစ်ဦးဖြစ်သည့် ဦးသာအောင်ဖြူက ဆိုသည်။

ကျန် ၃ ဦးမှာ ထွက်ပြေးသွားသဖြင့် ရဲစခန်းသို့ တိုင်ကြားသော်လည်း ယခုအချိန်ထိ ဖမ်းဆီးအရေးယူခြင်း မရှိသေးကြောင်း တန်းစွယ်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
"အရင်ကဖြစ်ခဲ့တုန်းက သက်ဆိုင်ရာတွေကို ကျနော်တို့ တိုင်ကြားခဲ့ပေမယ့် ခိုးတဲ့သူတွေကို အခုအချိန်ထိ ဖမ်းလို့ မမိသေးပါဘူး။ သူတို့ရောက်လာတာက ဟန်ပြရုံသက်သက်ပဲရှိတယ်။" ဟု ၎င်းက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပုဏ္ဏားကျွန်း ရဲစခန်းအား ဆက်သွယ်ခဲ့သော်လည်း တာဝန်ရှိသူ မရှိ၍ ဖြေကြားခဲ့ခြင်းမရှိပေ။

ပုဏ္ဏားကျွန်းမြို့နယ်တွင် ၂ လပိုင်း ၂၇ ရက်နေ့က စပါးထားကျေးရွာမှ ဦးခင်မောင်ရင်ပိုင် ကျွဲ ၄ ကောင် အခိုးခံရမှု အပါအဝင် ယခုနှစ်အတွင်း ကျွဲ၊ နွား ခိုးမှု ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး၊ ဒေသခံရဲများမှာလည်း ထိရောက်စွာ အရေးယူမှု မရှိသောကြောင့် လယ်သမားများမှာ ကျွဲ၊ နွားများ ထပ်မံ အခိုးခံရမည်ကို စိုးရိမ်နေကြကြောင်း စပါးထားကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required