ရင်ဘတ်အောင့်ဝေဒနာကြောင့် ဘုန်းတော်ကြီး ဒလိုင်းလားမား နယူးဒေလီ ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူ

ရင်ဘတ်အောင့်ဝေဒနာကြောင့် ဘုန်းတော်ကြီး ဒလိုင်းလားမား နယူးဒေလီ ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူ

နယူးဒေလီ၊ ဧပြီ ၁၀ ။         ။ ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ ရင်ဘတ်အောင့် ဝေဒနာကြောင့် နယူးဒေလီက ဆေးရုံတစ်ရုံမှာ တက်ရောက်ကုသမှု ခံယူပြီး ကျန်းမာရေးစစ်ဆေးမှု လုပ်ဆောင်ခဲ့ကြောင်း ဘုန်းတော်ကြီးရဲ့ တပည့်တစ်ဦးက ပြောပါတယ်။

သက်တော် ၈၃ နှစ်ရှိ တိဗက်ဘာသာရေးဦးသျှောင် ဘုန်းတော်ကြီး ဒလိုင်းလားမားအနေနဲ့ ဆေးရုံတက်ကုသမှု ခံယူပေမယ့် အခြေအနေမှာ မစိုးရိမ်ရဘဲ ကောင်းမွန်ကြောင်း အမေရိကန်မှာ အခြေစိုက်တဲ့ ဘုန်းတော်ကြီးရဲ့ ကိုယ်စားလှယ် ဆာရင်းက အေအက်ဖ်ပီသတင်းဌာနကို ပြောခဲ့တာပါ။

အင်္ဂါနေ့ အစောပိုင်းမှာ ဘုန်းတော်ကြီးဟာ ရင်ဘတ်အောင့် ဝေဒနာကြောင့် နယူးဒေလီဆီ လေယာဉ်နဲ့ ပျံသန်းရောက်ရှိပြီး ဆေးရုံတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

“ဆရာဝန်တွေက မစိုးရိမ်ရဘူးလို့ ပြောတယ်။ ကြီးကြီးကျယ်ကျယ် ဘာရောဂါမှ မရှိဘူးလို့ ဆိုကြပါတယ်။”လို့ ဆာရင်းက ပြောပေမယ့် ဘုန်းတော်ကြီးဟာ ဆေးရုံမှာ ဆက်လက်ကုသခံယူနေဆဲလားဆိုတာကိုတော့ မပြောပါဘူး။

“ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ ရက်အနည်းတော့ အနားယူရမှာ ဖြစ်တယ်။”လို့ ၎င်းက ဆိုပါတယ်။

တရုတ်ရဲ့ ကျူးကျော်မှုကို တော်လှန်ရာမှာ အရေးနိမ့်ခဲ့ပြီးနောက် ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ အိန္ဒိယမှာ ခိုလှုံနေခဲ့တာ နှစ်ပေါင်း ၆၀ ရှိနေပြီဖြစ်ပါတယ်။

နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ ယခင်က လူထုနဲ့ ပြောဆိုဆက်ဆံတာတွေ များပြားခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်း ပြင်ပနဲ့ ဆက်သွယ်မှု နည်းပါးလာခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly