ဧပြီမှ စတင်ကာ မန္တလေးမြို့ဝင်ကြေးကောက်ခံသည့်လုပ်ငန်းကို စည်ပင်မှ ဆောင်ရွက်မည်

ဧပြီမှ စတင်ကာ မန္တလေးမြို့ဝင်ကြေးကောက်ခံသည့်လုပ်ငန်းကို စည်ပင်မှ ဆောင်ရွက်မည်
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ မတ် ၂၆ ။      ။ ပုဂ္ဂလိကသို့ပေးထားသည့် မန္တလေးမြို့ဝင်ကြေးကောက်ခံသည့်ဂိတ်များကို မြို့တော်စည်ပင်သာယာရေး ကော်မတီမှပြန်လည်လွှဲပြောင်းရယူခဲ့ပြီး ဧပြီလ ၁ ရက်မှစတင်၍ စည်ပင်ဝန်ထမ်းများဖြင့် ကောက်ခံသွားမည်ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောသည်။

"မြို့ဝင်တိုးဂိတ်များကို ဧပြီလ၁ရက်နေ့မှစပြီး စည်ပင်က ဝန်ထမ်းတွေနဲ့ ပြန်လည်ကောက်ခံ သွားပါမယ်။"ဟု ဒေါက်တာရဲလွင်ကပြောသည်။

မြို့ဝင်ဂိတ်များဖြစ်သည့် မတ္တရာအထွက်လမ်း ရွှေကျင်ဂိတ်၊ စစ်ကိုင်းအထွက်လမ်း ရွှေကြက်ယက်ဂိတ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ ထုံးဘို- မြစ်ငယ်ဂိတ်နှင့် ပြင်ဦးလွင်အထွက်လမ်း အောင်ပင်လယ်ဂိတ်တို့ ပုဂ္ဂလိကလုပ်ငန်းရှင်များထံလုပ်ကိုင်ခွင့်ပေးထားခြင်းပြီး ၎င်းမြို့ဝင်ဂိတ်များသည် ယခုမတ်လကုန်တွင် လုပ်ကိုင်ခွင့် သက်တမ်းပြည့်မြောက်သွားပြီဖြစ်၍ လုပ်ကိုင်ခွင့် ထပ်မံချထားခြင်းမပြုတော့ဘဲ စည်ပင် သာယာရေးကော်မတီက ပြန်လည်လုပ်ကိုင်ရန်ဆောင်ရွက်ခြင်းဖြစ်သည်။

"လမ်းအသုံးပြုခနဲ့ မြို့ဝင်ကြေးကောက်ခံခြင်းယာဉ်အဝင်/အထွက်မှတ်တမ်းအား ယာဉ်နံပါတ်ဖတ်နိုင်သည့် ကင်မရာများဖြင့် မှတ်တမ်းတင်ခြင်း၊ ယာဉ်နံပါတ်နဲ့အတူ ယာဉ်အမျိုးအစားအလိုက်စည်းကြပ်ကောက်ခံနိုင်ခြင်း၊ အလိုအလျောက် အဖွင့်/အပိတ်ပြုလုပ်နိုင်တဲ့ မောင်းတံစနစ်ပါဝင်ခြင်း၊ အချက်ပြမီးနီ၊ မီးစိမ်း ပါဝင်ခြင်း၊ LED ဘုတ်ဖြင့် စည်းကြပ်တဲ့ ယာဉ်အတန်းအစားနဲ့ စည်းကြပ်ငွေနဲ့ ကားနံပါတ်ကို ဖော်ပြပေးခြင်းနဲ့ ဝန်ထမ်းတွေကို ကြီးကြပ်သွားမှာပါ။"ဟု ဒေါက်တာရဲလွင်ကပြောသည်။

မြို့ဝင်ဂိတ်များအားလုံးတွင် တာဝန်ထမ်းဆောင်ရန် စည်ပင်ဝန်ထမ်းအဖြစ် အမျိုးသားဝန်ထမ်း ၈ဝဦးနှင့် အမျိုးသမီးဝန်ထမ်း ၈၀ ဦး ခန့်အပ်ထားပြီး ဧပြီလမှ စတင်ကာ ဂိတ်ကြေးကောက်ခံခြင်း လုပ်ငန်းများကို ဆောင်ရွက်မည်ဟု သိရသည်။

"ကောက်ခံရရှိတဲ့ မြို့တွင်းလမ်းအသုံးပြုခနဲ့ မြို့ဝင်ကြေးတို့အား စည်ပင်ကော်မတီမှ အချိန်နှင့် တပြေးညီ သိရှိနိုင်ရန် အွန်လိုင်းဖြင့်ချိတ်ဆက်ဆောင်ရွက်သွား မှာပါ။စည်ပင်ဘီးခွန် RFIDစနစ်ဖြင့် မကြာမီ ဆောင်ရွက် မည်ဖြစ်ပြီး payment အတွက် OBU onboard unit တပ်ဆင် ထားတဲ့ ကားများအတွက် ETC စနစ်ပါ ဆောင်ရွက်ပေးသွားခြင်းဖြင့် အချိန်မြန်ပြီး တိတိကျကျကောက်ခံနိုင်တော့မှာပါ။"ဟု ဒေါက်တရဲလွင်က ပြောသည်။

လက်ရှိတွင် မြို့ဝင်ဂိတ်များတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်း ၁၆ဝဦး သင်တန်းများပို့ချပေးလျက်ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required