အာဖရိကမှာ မြွေဆိပ်ဖြေဆေး ရှားပါးပြတ်လပ်နေ

အာဖရိကမှာ မြွေဆိပ်ဖြေဆေး ရှားပါးပြတ်လပ်နေ

မတ် ၁၀ ။     ။ မြွေဆိပ်ဖြေဆေးတွေကတော့ ထိရောက်မှု ရှိသလို ပမာဏအများအပြားကိုလည်း စရိတ်စက သက်သာစွာ ထုတ်လုပ်နိုင်ပါတယ်။ ဒါပေမယ့်လည်း အဆိပ်ပြင်း မြွေဆိုးတွေ ပေါများတဲ့ အာဖရိက ဒေသမှာတော့ လက်ရှိအချိန်မှာ လူ့အသက်ကို ကယ်တင်နိုင်မယ့် အဆိုပါ မြွေဆိပ်ဖြေဆေးတွေဟာ စိုးရိမ်ဖွယ်ကောင်းလောက်အောင် ရှားပါးပြတ်လပ်နေလျက်ရှိပါတယ်။

ဒါဟာ ယင်းဒေသမှာ မြွေဆိပ်ဖြေဆေး ထုတ်လုပ်နိုင်စွမ်း အားနည်းမှု၊ မူဝါဒပိုင်း လိုအပ်ချက်၊ ကြီးကြပ်မှုပိုင်း လစ်ဟာမှု၊ စျေးနှုန်းကြီးမြင့်မှု၊ ဝေးလံခေါင်းပါးပြီး ဆင်းရဲတဲ့ ဒေသတွေက ပြည်သူတွေရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပင်မှု ကင်းမဲ့ခြင်းတို့အပေါ် ကျွမ်းကျင်သူတွေက ပြစ်တင်နေကြလျက် ရှိပါတယ်။

၁၉ ရာစုနှောင်းပိုင်းက ပြင်သစ်ပညာရှင် Albert Calmette ပထမဆုံး ထုတ်ဖော်ဖန်တီးခဲ့ပြီးနောက်ပိုင်း ဒီ မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှု နည်းလမ်းကတော့ အပြောင်းအလဲ အနည်းငယ် ရှိခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ယင်း မြွေဆိပ်ဖြေဆေး ထုတ်လုပ်ခြင်းလုပ်ငန်းကတော့ အပင်ပန်းခံလုပ်ရတဲ့၊ အချိန်ပေးလုပ်ရတဲ့ လုပ်ငန်းစဉ်အဖြစ် ဆက်ရှိနေဆဲဖြစ်ပါတယ်။

တစ်ဘက်မှာလည်း သုတေသီတွေကတော့ လူဖန်တီးတဲ့ အခြား အစားထိုး အဆိပ်ဖြေဆေးတွေ ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းနေကြလျက် ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် အာဖရိကဒေသမှာတော့ ယင်းမြွေဆိပ်ဖြေဆေး ရှားပါးမှုက အဓိက ပြဿနာတစ်ခုအဖြစ် ဆက်ရှိနေဆဲဖြစ်ပါတယ်။

အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ကင်ညာမှာ ဆိုရင်လည်း ယင်း မြွေဆိပ်ဖြေဆေးတွေ အမြောက်အမြား ထုတ်လုပ်နိုင်ဖို့ ရုန်းကန်နေရလျက် ရှိပါတယ်။

“ ကင်ညာမှာ ဆိုရင် တစ်နှစ်ကို မြွေကိုက်ခံရလို့ လူ ၁,၀၀၀ လောက် အသက်ဆုံးရှုံးနေရပါတယ်” ဆိုပြီး နိုင်ငံအရှေ့ပိုင်းက သုတေသနစင်တာ ဒါရိုက်တာ ရွိုင်ဂျန် တေလာက ပြောသွားပါတယ်။

အာဖရိကဒေသတစ်ခုတည်းမှာပဲ နှစ်စဉ်နှစ်တိုင်း မြွေကိုက်ခံရသူ သန်းဝက်ခန့် ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required