Boeing 737 MAX 8 လေယာဉ်တွေ ပျံသန်းမှု ရပ်ဆိုင်းထားဖို့ တရုတ် ညွှန်ကြား

Boeing 737 MAX 8 လေယာဉ်တွေ ပျံသန်းမှု ရပ်ဆိုင်းထားဖို့ တရုတ် ညွှန်ကြား

မတ် ၁၁ ။      ။ Boeing ကုမ္ပဏီက ထုတ်တဲ့ 737 MAX 8 ခရီးသည်တင်လေယာဉ်ကြီးတွေ ပြေးဆွဲပျံသန်းမှုကို အားချင်း ရပ်ဆိုင်းဖို့ ပြည်တွင်းလေကြောင်းလိုင်းအားလုံးကို တရုတ်အာဏာပိုင်တွေက မတ်လ ၁၁ ရက်မှာ ညွှန်ကြားချက်ထုတ်လိုက်ပါတယ်။

ဒါဟာ ယမန်နေ့က လူပေါင်း ၁၅၀ ကျော် သေဆုံးစေခဲ့တဲ့ အီသီယိုးပီးယား ခရီးသည်တင်လေယာဉ် ပျက်ကျမှုဖြစ်စဉ် ပေါ်ပေါက်ပြီးနောက် တရုတ်အာဏာပိုင်တွေက အထက်ပါ ညွှန်ကြားချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

တရုတ်လေကြောင်းလိုင်းတွေအနေနဲ့ အဆိုပါ Boeing 737 Max 8 လေယာဉ်တွေအားလုံးကို ဒေသစံတော်ချိန် ၁၈:၀၀  မတိုင်ခင် ပျံသန်းမှု ရပ်ဆိုင်းရမယ်လို့ အာဏာပိုင်တွေ ညွှန်ကြားခဲ့ပါတယ်။

ဘေးကင်းလုံခြုံရေးဆိုင်ရာ စိတ်ချရမှုအခြေအနေ စစ်ဆေးသုံးသပ်ပြီးခါကျမှ ယင်းလေယာဉ်မော်ဒယ်အမျိုးအစားကို ပြန်လည် ပြေးဆွဲစေမယ်လို့ သိရပါတယ်။

အီသီယိုပီးယား လေကြောင်းလိုင်းရဲ့ အလားတူ Boeing လေယာဉ်တစ်စင်းကတော့ မတ်လ ၁၀ ရက်က လေဆိပ်ကနေ ပျံတက်ပြီး များမကြာမီ ပျက်ကျခဲ့လို့ လေယာဉ်ပေါ်ပါ ၁၅၇ ဦးစလုံး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဒါဟာ ငါးလတာအတွင်း Boeing 737 Max 8 လေယာဉ် ပါဝင်ပတ်သက်နေတဲ့ ဒုတိယမြောက် လေယာဉ်ပျက်ကျမှုဖြစ်စဉ်လည်း ဖြစ်လာခဲ့ပါတယ်။

အောက်တိုဘာလတုန်းက အင်ဒိုနီးရှားရဲ့ Lion Air လေကြောင်းလိုင်းက 737 Max 8 တစ်စင်းလည်း ဂျကာတာကနေ ပျံတက်ပြီး သိပ်မကြာခင် ပျက်ကျခဲ့လို့ လေယာဉ်ပေါ်ပါရှိသူ ၁၈၉ ဦးစလုံး သေဆုံးထားခဲ့ပါတယ်။

 

 

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required