အိန္ဒိယမှာ မြို့ထဲကို ကျားသစ် ဝင်လာတာကြောင့် မြို့နေပြည်သူတွေ ကြောက်လန့်တကြားဖြစ်

အိန္ဒိယမှာ မြို့ထဲကို ကျားသစ် ဝင်လာတာကြောင့် မြို့နေပြည်သူတွေ ကြောက်လန့်တကြားဖြစ်

ဂျာလန်ဒဟာ၊ ဖေဖော်ဝါရီ ၁ ။            ။ အိန္ဒိယနိုင်ငံက ဂျာလန်ဒဟာမြို့မှာ ကျားသစ်တစ်ကောင် ရောက်ရှိလာတာကြောင့် လူတွေ ကြောက်လန့်တကြားနဲ့ အုတ်အော်သောင်းနင်း ဖြစ်ခဲ့ပါတယ်။

ကျားသစ်ဟာ နာရီအတော်အတန်ကြာအောင် ပြေးလွှားသောင်းကျန်းနေပြီး မြိို့နေလူတွေကိုလည်း ရန်ပြုတိုက်ခိုက်ပါတယ်။

ပန်ဂျပ်ပြည်နယ်က လူဦးရေ ရှစ်သိန်းကျော် နေထိုင်ရာ ဂျာလန်ဒဟာမြို့တွင်းက နောက်ဖေးလမ်းကြားတွေမှာ လျှောက်သွားနေတဲ့ ကျားသစ်ဟာ လူလေးဦးကို ကိုက်ခဲခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီ ကျားသစ်ကို လာကြည့်တဲ့ လူတွေရယ် ဖမ်းဆီးဖို့ ကြိုးစားကြတဲ့ လူတွေရယ်ဟာ ကျားသစ်နဲ့ ခြောက်နာရီကျော်ကြာအောင် အပြန်အလှန် အားပြိုင်နေခဲ့ပြီးနောက်မှာမေ့ဆေးသေနတ်နဲ့ ပစ်ဖမ်းလိုက်ရတာပါ။

ကြာသပတေးနေ့က ဖြစ်ပွားတဲ့ ဒီဖြစ်ရပ် ဗီဒီယိုဟာ အွန်လိုင်းမှာလည်း ပျံ့နှံ့ခဲ့ပါတယ်။ ကျားသစ်ဟာ မြို့ရဲ့ ဥယျာဉ်တွေထဲ ရောက်ရှိချိန် လူအုပ်က ဝိုင်းဝန်းကြည့်နေတာကို ဗီဒီယိုမှာ မြင်တွေ့ရပါတယ်။

ကျားသစ် ရောက်နေတဲ့ အပေါ်ကနေ ပိုက်ကွန်တွေ အုပ်မိုးပြီး ဖမ်းဖို့ ကြိုးစားလုပ်ဆောင်နေကြတာကိုလည်း မြင်တွေ့ရပါတယ်။ လူတစ်ဦးက လှေကားထောင်ပြီး ပိုက်ကွန်တွေကို ဖြန့်နေချိန် ကျားသစ်က နံရံတွေပေါ် ခုန်လွှားပြေးလွှားသွားတာကြောင့် အဲဒီ လူလည်း လဲပြိုကျသွားခဲ့ပါတယ်။

ဒဏ်ရာရသူ တော်တော်များများဟာ ကျားသစ်ကို လာကြည့်ကြသူတွေဖြစ်ပြီး ကျားသစ်က ပြေးအထွက်မှာ အုပ်စုကွဲပြီး ကြောက်လန့်တကြား ထွက်ပြေးကြတာကြောင့် ကျားသစ်ဟာ လွတ်မြောက်သွားခဲ့ပြန်ပါတယ်။

တစ်ချို့သတင်းတွေမှာတော့ လူတွေက ကျားသစ်ကို ကျောက်တုံးကျောက်ခဲတွေနဲ့ ပစ်ပေါက်ပြီး အနားက လယ်ကွင်းတွေဆီ ခြောက်လှန့်မောင်းထုတ်ကြတယ်လို့ ဆိုပါတယ်။

အခု ကျားသစ်ဟာ အနီးနားက ဟီမာချယ်ပရာဒက်ရှ်ပြည်နယ်က တောင်ကုန်းတောင်မြင့်တွေကနေ လမ်းမှားပြီး လယ်ကွင်းနဲ့ သစ်တောတွေကို ဖြတ်လို့ ဂျာလန်ဒဟာမြို့ထဲ ရောက်လာတာ ဖြစ်ကြောင်း ပန်ဂျပ်ပြည်နယ် တောရိုင်းတိရစ္ဆာန်ရေးရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ကျားသစ်ကို အိမ်တစ်အိမ်ရဲ့ ထောင့်ချိုးမှာ မေ့ဆေးသေနတ်နဲ့ ပစ်ခတ်လိုက်တာဖြစ်ပြီး မေ့လဲသွားတဲ့အခါမှ လှောင်အိမ်ထဲ ထည့်လို့ ချာဟတ်ဘာရားတိရစ္ဆာန်ရုံကို ပို့ဆောင်လိုက်တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required