လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

မင်္ဂလာပါ။

မနေ့တုန်းက ကျနော်ဆွေးနွေးခဲ့တဲ့အကြောင်းအရာကို ဒီကနေ့ဆက်ပြီး ဆွေးနွေးဖို့ပါပဲ။ မနေ့တုန်းကဆွေးနွေးခဲ့တာ “စာပုဒ်”အကြောင်းအရာပါပဲ။ “စာတစ်ပုဒ်”မှာ “အစ အလယ် အဆုံး”ဆိုတာ ရှိတဲ့အကြောင်းပြောရင်း ခဏရပ်ခဲ့ကြပါတယ်။

တကယ်တော့ စာတစ်ပုဒ်ရဲ့ “အစ အလယ် အဆုံး” အချက်သုံးချက်မှာ အလယ် ဆိုတဲ့အပိုင်းဟာ တော်တော်လေး အဓိကကျပါတယ်။ ဒါပေမယ့် အစဉ်အတိုင်းပဲ ကျနော်တို့ ဆက်သွားကြရအောင်ပါ။

နိဒါန်းပိုင်းဆိုတာ ဘာလဲ။ မြန်မာစကားပုံတစ်ခုမှာ အစကောင်းမှ အနှောင်းသေချာ ဆိုတဲ့စကားအတိုင်းပါပဲ။ ကျနော်တို့ဟာ ကိုယ်ပြောဆိိိိိိိိုချင်တဲ့အကြောင်းအရာအားလုံးရဲ့အစကို အဲဒီနိဒါန်းပိုင်းစာပိုဒ်မှာ ရေးကြရပါတယ်။ စာပုဒ်ကြီးတစ်ခုလုံးကို စာဖတ်သူတွေ အာရုံစိုက်အောင် စိတ်ဝင်စားသွားရလေအောင် တစ်ချက်ထဲနဲ့ စည်းရုံးဆွဲခေါ် သွေးဆောင်ရတဲ့တာဝန်ကို အဲဒီ အစပိုဒ်ဖြစ်တဲ့နိဒါန်းပိုင်းက ဆောင်ရွက်ရပါတယ်။ နိဒါန်းကောင်းရင် နိဒါန်းက ထိမိရင် နိဒါန်းလှရင် စာဖတ်သူတွေဟာ စာတစ်ပုဒ်ရဲ့အလယ်ပိုင်းကို စိတ်အားတက်ကြွစွာ ဆက်ဖတ်တော့တာပါပဲ။ နိဒါန်းမကောင်းရင်တော့ စာပုဒ်ရဲ့အလယ်ပိုင်းကို ဆက်ဖတ်ဖို့ရာ စာဖတ်သူများအဖို့ တုန့်နှေးစေမှာပါပဲ။ တချို့ဆိုရင် နိဒါန်းပိုင်းမှာတွင် ဆက်မဖတ်ချင်လောက်အောင် စိတ်ပျက်သွားစေတာ စိတ်ရှုပ်ထွေးသွားစေတာဟာ နိဒါန်းပိုင်းမကောင်းလို့ပါပဲ။

အစကောင်းတော့ အနှောင်းသေချာ ဆိုသလို စာဖတ်သူတစ်ယောက်ဟာ နိဒါန်းကောင်းတစ်ခုဖတ်လိုက်ရရင်ပဲ အလယ်ပိုင်းကို ဆက်ဖတ်ဖြစ်တော့တာပါပဲ။ နိဒါန်းဟာ စာပုဒ်တစ်ခုလုံးရဲ့အဓိကဆိုလိုချက်ကို အကြစ်လစ်ဆုံးဖေါ်ပြပြီး စာဖတ်သူတွေ စာဆက်ဖတ်ချင်အောင် ဖိတ်ခေါ်လမ်းခင်းပေးရတဲ့အပိုင်းပါပဲ။
ဆရာကြီး ပီမိုးနင်း က ဝတ္ထု တစ်ပုဒ် အစချီပုံနဲ့ပတ်သက်ပြီး အခုလိုပြောခဲ့ပါတယ်။

……ဝတ္ထု၌ အစသည် လွန်စွာအရေးကြီး၏။ မိုးကိုချဲ့၍ နေကိုချဲ့၍ လေပြေကိုချဲ့ကာ အကြောင်းမဲ့ အရမ်းမရေးရပေ။ ဖတ်သူ၏စိတ်ကို နှိုးဆွစေသောနည်းဖြင့် စာရေးရလေသည်။….

ဒီနေရာမှာ စကားပြေရေးတဲ့အခါ ဝတ္ထုမှရယ်လို့မဟုတ်ပါဘူး။ ဆောင်းပါး၊ ပြဇာတ်၊ မှတ်တမ်းအစရှိတဲ့ ဘယ်စာပေပုံသဏ္ဍာန်ပဲဖြစ်ပါစေ အစပိုင်းဆွဲဆောင်နိုင်စွမ်းရှိမှသာ စာဖတ်သူတွေက ဆက်ဖတ်ချင်ကြမှာပါ။ အစပိုင်းဆိုတာ နောက်ကလိုက်လာမယ့် အလယ်ပိုင်းမှာပါလာမယ့်အကြောင်းအရာဟူသမျှကို ရှေ့ဆောင်တဲ့သဘောလည်းဖြစ်ပါတယ်။ စာတစ်ပုဒ်လုံးရဲ့အဓိကဆိုလိုချက်ကို အဲဒီအစပိုင်း သို့မဟုတ်နိဒါန်းပိိုင်းမှာ ဖေါ်ပြရတာဖြစ်လို့ နောက်ကလိုက်လာမယ် အကြောင်းအရာတွေအပေါ်စာဖတ်သူက စိတ်ဝင်စားလာအောင် ဖတ်ချင်အောင် သိချင်အောင် လမ်းခင်းပေးလိုက်တဲ့သဘောပါပဲ။ ဒီနေရာမှာ ( အစပြုသည့်အပိုင်းမှာ ) မလိုအပ်ဘဲ စာဖွဲ့ဇာချဲ့လုပ်နေမယ်ဆိုရင်တော့ စာဖတ်သူကို ငြီးငွေ့စေမှာဖြစ်ပါတယ်။ စာတစ်ပုဒ်ရဲ့အဓိကဆိုလိုချက်ကို ချက်ချင်းအသိပေးရာမရောက်ဘဲ အချိန်ဖြုန်းတဲ့သဘောလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ နိဒါန်းကောင်း ဆိုသည်မှာ စာဖတ်သူကို စွဲဆောင်နိုင်စွမ်းရှိတဲ့ အဓိကဆိုလိုချက်ကို ဒက်ကနဲသိအောင် ငြိအောင်ရေးတတ်ဖို့ အရေးကြီးလှပါတယ်။

တချို့က စကားပြေအရေးအသား ဘာခက်တာမှတ်လို့လည်း။ ငါတို့က မြန်မာစာကို ကျောင်းနေစကတည်းက ရေးလာဖတ်လာရတာပဲ။ အစရှိသဖြင့် စိတ်ရင်းအခံရှိသူနဲ့ မြန်မာလူမျိုးဖြစ်သည့်တိုင် မြန်မာစာကို သေချာကျန မသိရှိသူနဲ့ သိရှိသူ နှို်င်းယှဉ်ရင် မြန်မာစာပေ သိသူတတ်သူက မသိသူမတတ်သူထက် ပိုပြီးစာရေးတတ်တာ ဘယ်သူမှမငြင်းနိုင်ပါဘူး။

စာပုဒ််ရဲ့ နိဒါန်းပိုင်း(အစပိုင်း)အကြောင်း ပိုပြီးသိစေ ထင်ရှားစေတဲ့ဥပမာတချို့ ပြောပြချင်ပါတယ်။ ဒီိဥပမာတွေဟာ ဆရာကြီးမောင်ခင်မင်(ဓနုဖြူ) ပြဆိုခဲ့တဲ့ ဥပမာများကိိုပဲ ကောက်နှုတ်ယူငင်ပြီး ပြောလိုက်ပါတယ်။

စာရေးဆရာကြီး မောင်မောင်ကြီး က ဘဝမျဉ်းပြိုင် ဆိုတဲ့ဆောင်းပါးမှာ အခုလိုစပြီးရေးပါတယ်။

-    မျဉ်းပြိုင်တို၏သဘောမှာ မျဉ်းကြောင်း တစ်ကြောင်းနှင့်တစ်ကြောင်း အတူတကွယှဉ်ပြိုင်၍သွားကြသော်လည်း တစ်ကြောင်းနှင့်တစ်ကြောင်း မည်သည့်အခါမျှ တွေ့ဆုံကြခြင်းမရှိပေ။ လူ့ဘဝတွင်လည်း မျဉ်းပြိုင်တို့ကဲ့သို့ပင် လူချင်းယှဉ်၍  အသက်မွေးဝမ်းကျောင်းချင်းယှဉ်၍ ဘဝတလျှောက်ခရီးသွားကြသော်လည်း တစ်ဦးနှင့်တစ်ဦး ဆုံရကြုံရခဲခြင်းမှာ နိယာမသဘောပင်ဖြစ်ပါသည်။ ဤနိယာမကို သဘောပေါက်သည်မှာ မကြာလှသေးပေ။

အထက်ပါစာပိုဒ်နဲ့ ဝတ္ထုတစ်ပုဒ်ရဲ့အစမှာ ဦးဦးဖျားဖျားရေးသားဖွင့်ဆိုထားတာမို့ စာရေးသူရဲ့ဆိုလိုုချက်ကို စာဖတ်သူ ကြိုတင်ရိပ်မိသိရှိအောင် လမ်းခင်းပေးတဲ့ အစပိုင်းပါပဲ။

စာတစ်ပုဒ်လုံးရဲ့ဆိုလိုချက်ကို အကျဉ်းချုပ်ပြီးဖေါ်ပြတဲ့ အစပိုင်း(နိဒါန်း)မျိုးလည်း ရှိပါတယ်။ ကြောက်အားမပိုသင့် ဆိုတဲ့ဆောင်းပါးမှာ ဆရာဝန်တင်ရွှေက အခုလို အစချီထားတာ ဖတ်ကြည့်ပါ။

-    လူသားတို့သည် တစ်ခါတရံ အလွန်ကြောက်တတ်သည်။ သတ္တိဗျတ္တိနှင့် ပြည်စုံပါသည်ဟူသောပုဂ္ဂိုလ်ပင်လျင် တောကြီးအတွင်း၌ ည အချိန်မတော် တစ်ဦးတည်းသွားလာရသောအခါ ဘာကိုမှန်းမသိဘဲနှင့် ကြောက်စိတ်များဝင်နေတတ်ပါသည်။ သို့သော် အရေးရှိပါက ကြောက်စိတ်ကိုဦးစားမပေးဘဲ စဉ်းစား၍ အဆုံးအဖြတ်ပေးရန် လိုပါသည်။

ဒီစာပိုဒ်ဟာ ဆောင်းပါးတစ်ခုလုံးရဲ့ ဆိုလိုချက်ကို အကျဉ်းချုပ်ပြီး ဖေါ်ပြလိုက်တာဖြစ်လို့ စာဖတ်သူရဲ့အာရုံကို စုစည်းထိန်းကွပ်ပေးရာရောက်တဲ့ အစဦးစာပိုဒ်(နိဒါန်းပိုင်း)လို့ ပြောဆိုရမှာပါ။

တချို့ အဆိုအမိန့် အကိုးအကားများကိုအားပြုပြီး နိဒါန်းပျိုးတာမျိုးကလည်း စိတ်ဝင်စားဖို့ ကောင်းတာတွေ့ရပါတယ်။ အင်္ဂလိပ်စာဆိုကျော် ရှိတ်စပီးယားကအခုလိုရေးပါတယ်။

-    စပါတန်လူမျိုးတို့သည် ရန်သူဘယ်လောက် အားအောင်းသလဲဟု မေးလေ့မရှိ။ ရန်သူ ဘယ်မှာလဲ ဟူ၍သာ မေးလေ့ရှိကြလေသည်။ ရဲရင့်သောသူတို့၏ သေခြင်းသည် သေခြင်းမမည်ဖြစ်၏ ဟု ရှိတ်စပီးယားက ပြောခဲ့လေသည်။

ဒါကတော့ ပညာရဲရင့် ပွဲလယ်တင့် ဆိုတဲ့အခန်းရဲ့ နိဒါန်းပိုင်းဖြစ်ပါတယ်။ ရဲရင့်ခြင်းနဲ့သက်ဆိုင်တဲ့ အဆိုအမိန့်အကိုးအကားကို အားပြုရေးထားတဲ့ စာပုဒ်ရဲ့အစပိုင်း(နိဒါန်းပိုင်း) ပါပဲ။

ကဲ ဒီကနေ့လည်း ဒီနေရာမှ ခဏရပ်နားကြရပါအုန်းမယ်။ နောက်နေ့တွေမှာ ပြန်ဆုံကြသေးတာပေါ့။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေ။

 

 

Mizzima Weekly