မူးယစ်ရာဇာ အယ်လ်ချာပိုဆီကနေ မက္ကဆီကိုသမ္မတဟောင်းက ဒေါ်လာသန်း ၁၀၀ လာဘ်စားခဲ့ဟု ဆို

မူးယစ်ရာဇာ အယ်လ်ချာပိုဆီကနေ မက္ကဆီကိုသမ္မတဟောင်းက ဒေါ်လာသန်း ၁၀၀ လာဘ်စားခဲ့ဟု ဆို

မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ ၁၇ ။            ။ မက္ကဆီကိုသမ္မတဟောင်း အန်းရီကေးပီညာနဲတိုးဟာ မူးယစ်ရာဇာ ဂွါကင်းအယ်လ်ချာပိုဂုဇ်မန်းထံကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ လာဘ်စားခဲ့တယ်လို့ အမေရိကန်မှာ အယ်လ်ချာပိုကို စစ်ဆေးကြားနာမှုအတွင်း ပူးပေါင်းဆောင်ရွက်လာတဲ့ မူးယစ်ဂိုဏ်းသားဟောင်းတစ်ဦးက ထွက်ဆိုပါတယ်။

ကိုလံဘီယာနိုင်ငံသားဖြစ်တဲ့ အလက်ဇ်စီဖူယန့်တေ့စ်ဟာ အယ်လ်ချာပိုအမှုမှာ အမေရိကန်အစိုးရရှေ့နေတွေနဲ့ ပူးပေါင်းဆောင်ရွက်လာတာဖြစ်ပြီး တရားခံရှေ့နေ ဂျက်ဖရီလစ်မန်းရဲ့ စစ်မေးမှုကို ဖြေဆိုခဲ့တာပဲ ဖြစ်ပါတယ်။

“အယ်လ်ဂျပိုက ဒေါ်လာ သန်း ၁၀၀ ကို သမ္မတ ပီညာနဲတိုးထံ လာဘ်ထိုးခဲ့တယ်ပေါ့။”လို့ ရှေ့နေ ဂျက်ဖရီက မေးမြန်းပါတယ်။

“ဟုတ်ပါတယ်။”လို့ စီဖူယန့်တေ့စ်က ပြန်လည်ဖြေဆိုပြီး နောက်ပိုင်းမှာ ပေးတဲ့ငွေအမောင့်ကတော့ သိပ်မသေချာကြောင်း ဆိုပါတယ်။

စီဖူယန့်တေ့စ်က သူဟာ ၂၀၀၇ ကစပြီး အယ်လ်ချာပိုနဲ့ အလုပ်တွဲလုပ်ခဲ့တာ ၂၀၁၃ အဖမ်းခံရတဲ့အချိန်ထိပဲလို့ ပြောပါတယ်။ မက္ကဆီကိုက တောင်ထူထပ်ရာ ဆီနာလိုယာမှာ နှစ်နှစ်လောက် အယ်ချာပိုနဲ့ အတူ နေထိုင်ခဲ့ကြောင်းလည်း စီဖူယန့်တေ့စ်က ပြောပါတယ်။

အယ်လ်ချာပိုဟာ ၂၅ နှစ်တာကာလအတွင်း အမေရိကန််ဆီ ကိုကင်းတန်ချိန်  ၁၅၅ တန် မှောင်ခိုကုန်ကူးခဲ့တယ်လို့ စွဲဆိုခံထားရပါတယ်။

တကယ်လို့ အပြစ်ရှိကြောင်း စီရင်ချက်ချနိုင်ရင် အသက် ၆၁ နှစ် ရှိနေပြီဖြစ်တဲ့ အယ်လ်ချာပိုအနေနဲ့ ကျန်ဘဝသက်တမ်းကို အမေရိကန်ရဲ့ လုံခြုံရေးအတင်းကြပ်ဆုံး အကျဉ်းထောင်တစ်ခုမှာ ကုန်ဆုံးရလိမ့်မှာပဲ ဖြစ်ပါတယ်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required