ဟောင်ကောင် ပြည်သူတွေအကြား ရေပန်းစားလာနေတဲ့ Paragliding ကစားနည်း

ဟောင်ကောင် ပြည်သူတွေအကြား ရေပန်းစားလာနေတဲ့ Paragliding ကစားနည်း

ဇန်နဝါရီ ၇ ။          ။ လေထီးတစ်ခုခုကို ကိုယ်မှာ တွဲချည်ပြီး တောင်ပေါ်ကနေ ခုန်ချ ပျံသန်းရတဲ့ ကစားနည်းတစ်မျိုးဖြစ်တဲ့ Paragliding ကတော့ ဟောင်ကောင် လူထုအကြား တစ်စထက်တစ်စ ရေပန်းစား လူကြိုက်များလာနေလျက် ရှိပါတယ်။

မိုးမျှော်တိုက်ကြီးတွေ၊ သိပ်သည်းတဲ့ အိမ်ယာတိုက်ခန်းတွေနဲ့ ပြည့်ကျပ်နေတဲ့ ဟောင်ကောင်မှာတော့ မြို့ပြရဲ့မွမ်းကျပ်မှုတွေကနေ ခေတ္တခဏ လွတ်မြောက်ချင်သူတွေအတွက်ကတော့ ယင်း ကစားနည်းက  အံကိုက် ရွေးချယ်စရာတစ်ခု ဖြစ်နေလျက် ရှိပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ဒီလို Paragliding လုပ်သူ ဒါဇင်လောက်သာ ရှိခဲ့ပေမယ့် ယနေ့အချိန်မှာ နေ့စဉ် စီးနင်းသူ ၂၀၀ လောက်အထိ ရှိနေပြီ ဖြစ်ကြောင်း ဟောင်ကောင်တစ်မြို့လုံးကို မိုးထားတဲ့ တောင်ကုန်းတစ်ခုမှာ Paragliding လုပ်ဖို့ ရောက်နေသူတစ်ဦးဖြစ်တဲ့ ဂျီယိုဗန်နီ လမ်းက ရှင်းပြပါတယ်။

" ဟောင်ကောင်က တအား လူနေသိပ်သည်းပါတယ်၊ ခင်ဗျား ဘယ်နေရာသွားသွား လူတွေအများကြီးနဲ့ တွေ့ရနိုင်ပါတယ်၊ ဟော၊ ခုလိုမျိုး ခင်ဗျား ကောင်းကင်ပေါ်မှာကျတော့ ခင်ဗျား အနေနဲ့ လွတ်လွတ်လပ်လပ် ရှိနိုင်တယ်လေ" ဆိုပြီး ၎င်းက ပြောသွားပါတယ်။

ဘာပဲဖြစ်ဖြစ် အဆိုပါ paragliding ကစားနည်းကတော့ ဟောင်ကောင် ပြည်သူတွေအတွက် ၎င်းတို့ရဲ့ မြို့ပြလူနေမှုဘဝ မွမ်းကျပ်မှုတွေကနေ လွတ်မြောက်စေနိုင်မယ့် အခွင့်အရေးတစ်ခုကို ပေးစွမ်းနေလျက် ရှိပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required