ဆူနာမီ ဖြစ်ပေါ်စေခဲ့တဲ့ အင်ဒိုနီးရှား မီးတောင် လှုပ်ရှားမှု ပိုများလာတာကြောင့် သတိပေးချက် အဆင့်မြှင့်တင်

ဆူနာမီ ဖြစ်ပေါ်စေခဲ့တဲ့ အင်ဒိုနီးရှား မီးတောင် လှုပ်ရှားမှု ပိုများလာတာကြောင့် သတိပေးချက် အဆင့်မြှင့်တင်

ဂျကာတာ၊ ဒီဇင်ဘာ ၂၇ ။          ။ အင်ဒိုနီးရှားနိုင်ငံမှာ လူ ၄၀၀ ကျော် သေဆုံးစေခဲ့တဲ့ ဆူနာမီလှိုင််းကို ဖြစ်ပေါ်စေခဲ့တဲ့ အန်နက်ကရာကာတူမီးတောင်ဟာ လှုပ်ရှားမှု ပိုမိုများလာတာကြောင့် အာဏာပိုင်တွေဟာ ကြာသပတေးနေမှာ သတိပေးချက်အဆင့်ကို မြှင့်တင်ထားပါတယ်။

မီးတောင် လှုပ်ရှားမှု ပိုများလာတာကြောင့် သတိပေးချက်အဆင့် လေးဆင့်ရှိရာမှာ အဆင့်နှစ်ကနေ သုံးကို အဆင့်မြှင့်တင်လိုက်တာပဲ ဖြစ်ပါတယ်။ မီးတောင်ပတ်လည် အထူးတားမြစ်ဇုန်အကျယ်အဝန်းကိုလည်း အချင်းဝက် ၂ ကီလိုမီတာကနေ ၄ ကီလိုမီတာအထိ တိုးချဲ့သတ်မှတ်ထားကြောင်း အမျိုးသား သဘာဝဘေးစီမံခန့်ခွဲမှုဘုတ်အဖွဲ့ ပြောခွင့်ရသူ ဆူတိုပိုက ဆိုပါတယ်။

“ပြည်သူတွေနဲ့ ခရီးသွားဧည့်သည်တွေကို အန်နက်ကရာကာတူမီးတောင်ရဲ့ အချင်းဝက် ၅ ကီလိုမီတာအတွင်းကို မသွားရောက်ဖို့ တားမြစ်ထားပါတယ်။”လို့ ဆူတိုပိုက ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ညပိုင်းမှာ အခုမီးတောင်ဟာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ မီးတောင်ပေါက်ကွဲတာနဲ့အတူ ရေအောက်မြေပြိုမှုကြောင်း ဆူနာမီ ဖြစ်စဉ် ပေါ်ပေါက်ပြီး ဂျာဗားနဲ့ ဆူမတြားကမ်းခြေဒေသတွေမှာ သဘာဝဘေး ဆူနာမီရေလှိုင်းကြီးတွေရဲ့ ဒဏ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

အဆိုပါ ဆူနာမီ ဖြစ်ပေါ်မှုမှာ သေဆုံးသူပေါင်းက ၄၃၀ အနည်းဆုံးရှိပြီး ဒဏ်ရာရသူ ၁၄၉၅ ဦးရှိပါတယ်။ ပျောက်ဆုံးနေသူပေါင်း ၁၅၉ ဦးအထိ ရှိနေပါတယ်။

ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရတဲ့ ပြည်သူပေါင်းဟာ ၂၂၀၀၀ နီးပါးရှိကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required