မွေးရာပါ ခြေထောက်မပါတဲ့ ဆီးရီးယားမိန်းကလေးငယ်လေး ခြေတု အကူအညီနဲ့ လမ်းပြန်လျှောက်နိုင်ပြီ

မွေးရာပါ ခြေထောက်မပါတဲ့ ဆီးရီးယားမိန်းကလေးငယ်လေး ခြေတု အကူအညီနဲ့ လမ်းပြန်လျှောက်နိုင်ပြီ

ဒီဇင်ဘာ ၁၀ ။          ။ အသက် ၈ နှစ်သာ ရှိသေးတဲ့ မာယာ မာဟီ အမည်ရ ဆီးရီးယားမိန်းကလေးငယ်လေးကတော့ မွေးကတည်းက ခြေထောက်နှစ်ဖက်စလုံး ပါမလာဘဲ ကိုယ်အင်္ဂါချို့ယွင်းနေသူဖြစ်ပါတယ်။

သူမနေထိုင်ရာ နိုင်ငံအနောက်မြောက်ပိုင်းက ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ကမ့်စခန်းတစ်ခု အတွင်းမှာတော့ ပြီးခဲ့တဲ့ ကာလတွေအတွင်း မွေးရာပါ ခြေထောက်ပါမလာခဲ့တဲ့ ခြေနှစ်ဖက် မရှိတဲ့ မာဟီတစ်ယောက် ခက်ခက်ခဲခဲ ရုန်းကန်နေထိုင်ခဲ့ရပါတယ်။

ဒါပေမယ့် ယခုအခါမှာတော့ မာဟီတစ်ယောက် ပြီးခဲ့တဲ့ကာလကပဲ တူရကီမှာ သွားရောက်ခွဲစိတ်ကုသမှု ခံယူအပြီးမှာတော့ ယခုအခါ ခြေတု အသစ်တွေနဲ့ အတူ သူမဟာ လမ်းကောင်းကောင်း ပြန်လျှောက်နေနိုင်ပြီ ဖြစ်ပါတယ်။

ပန်းရောင် ဆွယ်တာအကျီ၊ ဖိနပ်တို့ကို ဝတ်ဆင်ထားတဲ့ မာဟီတစ်ယောက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်က Serjilla ကမ့်စခန်းက လမ်းတွေပေါ်မှာ လမ်းလျှောက်သွားလာနေတာကို မြင်တွေ့ခဲ့ရပါတယ်။

ဒါဟာ သူမ ဆေးကုသမှုခံယူပြီး တူရကီကနေ ပြန်ရောက်ပြီးချိန် ပထမဆုံးအကြိမ် လမ်းကောင်းကောင်း ပြန်လျှောက်နိုင်တာလည်း ဖြစ်ပါတယ်။

ယခုမှာတော့ သူမဟာ ကစားပွဲတွေမှာ ဝင်ပါ ကစားနိုင်ပြီ ဖြစ်သလို တစ်ခြားကလေးငယ်တွေနဲ့အတူ ကခုန်နေနိုင်ပြီ ဖြစ်ပါတယ်။

" သူ လမ်းလျှောက်နေတာကို မြင်ရတော့ ကျွန်တော် အရမ်းပျော်ရပါတယ်၊ မိသားစုတစ်စုလုံးရော၊ သူ့ကို ချစ်ကြသူတွေ အကုန်လုံး ခုချိန်မှာ တအားပျော်နေကြပါတယ်" ဆိုပြီး မာဟီရဲ့ ဖခင်ဖြစ်သူ မိုဟာမက်က လူလုပ် တဲတစ်ခုအတွင်း ထိုင်နေရင်း ပြောပါတယ်။

တကယ်တော့ မိုဟာမက် ကိုယ်တိုင်ကလည်း သမီးဖြစ်သူလိုပဲ မွေးရာပါ ခြေထောက်မပါဘဲ မွေးလာခဲ့သူတစ်ဦး ဖြစ်နေတယ်လို့ သိရပြီး လူလုပ် ခြေတုအကူအညီနဲ့ သွားလာနေရသူ ဖြစ်တယ်လို့ သိရပါတယ်။

တကယ်တော့ ၎င်းတို့ သားအဖဟာ မူလက အလက်ပိုဒေသဘက်မှာ နေထိုင်ခဲ့သူတွေဖြစ်ကြပြီး ဆီးရီးယားပြည်တွင်းစစ်ကြောင့် သူပုန်တွေထိန်းချုပ်ရာ အိုင်ဒလစ်ပ် ဒေသဘက်ကို  ပြောင်းရွှေ့ခဲ့ကြရတာဖြစ်ပါတယ်။

မာဟီ တို့ သားအဖရဲ့ ခြေထောက်မရှိတဲ့ အခြေအနေဟာ လူမှုကွန်ရက်ကနေ ကမ္ဘာကို ပြန့်နှံ့သွားပြီးနောက်မှာပဲ တူရကီ ကြက်ခြေနီအဖွဲ့တစ်ခုက အကူအညီပေးပြီး အစ္စတန်ဘူလ်ကို ခေါ်ယူ ကုသပေးခဲ့တာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly