နယူးယော့ခ်က Google ဌာနချုပ်မှာ ကုမ္ပဏီ ဆော့ဝဲအင်ဂျင်နီယာတစ်ဦး ပဟေဠိဆန်စွာ သေဆုံးနေ

နယူးယော့ခ်က Google ဌာနချုပ်မှာ ကုမ္ပဏီ ဆော့ဝဲအင်ဂျင်နီယာတစ်ဦး ပဟေဠိဆန်စွာ သေဆုံးနေ

ဒီဇင်ဘာ ၉ ။         ။ အမေရိကန် နည်းပညာကုမ္ပဏီကြီး Google ရဲ့ ဆော့ဝဲ အင်ဂျင်နီယာတစ်ဦး နယူးယော့ခ်မြို့က ကုမ္ပဏီရုံးဌာနချုပ်ဝင်းအတွင်းမှာပဲ ပဟေဠိဆန်စွာ သေဆုံးနေလျက် ရှိတာကို တွေ့ရှိခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အသက် ၂၂ နှစ်အရွယ် Google ဝန်ထမ်း Scott Krulcik ကို အဆိုပါ နယူးယော့ခ် Google ရုံးချုပ် အဆောက်အအုံ ခြောက်လွှာမှာ ရှိတဲ့ ၎င်းရဲ့ အလုပ်စားပွဲမှာ သတိလစ်နေတာကို အစောင့်ဝန်ထမ်းတစ်ဦးက  ဒီဇင်ဘာ ၇ ရက် ည ၉ နာရီခန့်မှာ စတင် တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ယင်းနောက် ရှေးဦးသူနာပြုနည်းနဲ့ အသက်ပြန်ရှုလာအောင် လုပ်ခဲ့ပေမယ့် Krulcik ကတော့ အသက်ပြန်ရှုမလာခဲ့ဘဲ ယင်းနေရာမှာ  သေဆုံးကြောင်း အတည်ပြုခဲ့ရတာဖြစ်ပါတယ်။

ရဲတွေက လာရောက်စစ်ဆေးရာမှာတော့ Krulcik ရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေလည်း မတွေ့ခဲ့သလို မသင်္ကာစရာ အချက်လည်း ရှာမတွေ့ခဲ့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် သေဆုံးသူဟာ ယခင်က ဆေးဝါးကုသမှုခံံယူထားရမှု အခြေအနေ၊ မူးယစ်ဆေး သုံးစွဲခြင်း ရှိမရှိ တို့ကိုလည်း လက်တလောမှာ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

ယခုအခါမှာတော့ Krulcik ဘယ်လိုအကြောင်းကြောင့် သေဆုံးရတယ်ဆိုတာကို စစ်ဆေးသိရှိရဖို့ အလောင်းကို ခွဲစိတ်စစ်ဆေးသွားဖို့ ရှိနေပါတယ်။

သေဆုံးသူ Krulcik ကတော့ Google မှာ ပြီးခဲ့တဲ့ သြဂုတ်လထဲက စတင်အလုပ်ဝင်နေခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required