ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အဦဘတ်ဂျက်အား အခြားနေရာများတွင် သုံးစွဲရန် စီစဉ်နေဟု ဆို

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အဦဘတ်ဂျက်အား အခြားနေရာများတွင် သုံးစွဲရန် စီစဉ်နေဟု ဆို
တက်ကြွလှုပ်ရှားသူတစ်ဦးက ၁၉၆၂ ခုနှစ်မှာ ဖြိုချခံခဲ့ရသော ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦပုံကို ၂၀၀၉ ခုနှစ်၊ ဘန်ကောက်တွင် ကိုင်ဆောင်ပြသထားစဉ်။ ဓာတ်ပုံ-AFP

နိုဝင်ဘာ ၂၇ ။            ။ ၂၀၁၇ ခုနှစ်ကတည်းက ဘတ်ဂျက်လျာထားခဲ့သည့် သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦ တည်ဆောက်မည့်ကိစ္စ ကြန့်ကြာနေသည့်အပေါ် ခွဲဝေရရှိထားသော ရန်ပုံငွေအား အခြားနေရာများတွင် လွှဲပြောင်းသုံးစွဲသွားမည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရန်ကင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်၏ မေးမြန်းချက်အပေါ် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက စာဖြင့် ပြန်လည်ဖြေကြားချက်အရ သိရခြင်း ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တက္ကသိုလ်အဆင့်မြှင့်တင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ၊ ပညာရေးအဆင့်မြှင့်တင်ခြင်းကဏ္ဍများကိုဆောင်ရွက်နေကြောင်း ပညာရေးဝန်ကြီး၏အဖြေတွင် ဖော်ပြထား သည်။

“ သို့ဖြစ်ပါ၍ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦ ဆောက်လုပ်ပေးရန် အချိန်ယူညှိနှိုင်း၊ အတည်ပြုဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ခွဲဝေရရှိထားသော ရန်ပုံငွေများအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တွင် ရန်ကုန်တက္ကသိုလ်၏ Master Plan ( Hardware နှင့် Software ) အရ တည်ဆောက်မည့် Student Hub နှင့် University Centre အဆောက်အဦများ ဆောက်လုပ်ရာတွင် လွှဲပြောင်းသုံးစွဲသွားရန် စီစဉ်ဆောင်ရွက် နေပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည် ” ဟု  ဝန်ကြီး၏ ဖြေဆိုချက်တွင် ပါရှိသည်။

ကျောင်းသားသမဂ္ဂအဆောက်အဦ တည်ဆောက်မည့်ကိစ္စသည် ဘတ်ဂျက်ကာလ ကျော်လွန်သွားသည့် တိုင်အောင် စတင်နိုင်ခြင်း မရှိသေးသည့်အပေါ် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး တွင် ကြယ်ပွင့်ပြမေးခွန်းဖြင့် မေးမြန်းခဲ့ခြင်းဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၂၇ ရက် တွင် အဖြေရရှိခဲ့သည်ဟု ဒေါ်ဇင်မာအောင်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

“ ၂၀၁၇  ဇူလိုင်လ ကတည်းက  နိုင်ငံတော်ဘတ်ဂျက်နဲ့ ပြန်လည်တည်ဆောက်ဖို့ လျာထားခဲ့တဲ့ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကိစ္စနဲ့ ပတ်သက်ပြီး  ဘတ်ဂျက်ကာလ ကျော်လွန်ခဲ့ သည့်တိုင် စတင်နိုင်ခြင်း မရှိသေးတဲ့ အတွက် မေးမြန်းခဲ့တဲ့ ကြယ်ပွင့်ပြမေးခွန်းအပေါ် စာဖြင့် ပြန်လည်ဖြေကြား တဲ့ အဖြေက ဒီလိုပါ ” ဟု ပညာရေးဝန်ကြီး ဖြေကြားချက်နှင့်တကွ တင်ထားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးဌာနမှ စာဖြင့်ဖြေကြားလာသည့်အပေါ်လည်း အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရန်ကင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က ခရီးသွားနေသည့်အတွက် စာဖြင့်ပြန်ကြားလာခြင်း ဖြစ်ကြောင်းပါ ရှင်းလင်းထားခဲ့သည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦ ပြန်တည်ဆောက်ရန် ၂၀၁၇-၂၀၁၈ ဘတ်ဂျက်တွင် ငွေကျပ် ၅ ဒဿမ ၂ ဘီလီယံ အတည်ပြုရရှှိထားသည်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက် နံနက်ပိုင်းမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဖြိုချခံခဲ့ရခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly