မြို့နယ်ပေါင်း ၁၃ မြို့နယ်ရှိ ပညာရေးဘုတ်အဖွဲ့များအား NUG အသိအမှတ်ပြု

By ဂျူချန်း
17 February 2023
မြို့နယ်ပေါင်း ၁၃ မြို့နယ်ရှိ ပညာရေးဘုတ်အဖွဲ့များအား NUG အသိအမှတ်ပြု

မဇ္ဈိမ ။     ။ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ မြို့နယ် ၁၃ မြို့နယ်မှ ပညာရေးဘုတ်အဖွဲ့များအား အသိအမှတ်ပြုကြောင်း ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန (NUG-MOE)မှ ၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ကြားကာလအခြေခံပညာသင်ကြားရေးအတွက် မြို့နယ်အလိုက် ပညာရေးဘုတ်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန် ထုတ်ပြန်ခဲ့ပြီး၊ ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ ပေးပို့လာသော မြို့နယ်ပညာရေးဘုတ်အဖွဲ့များအား အသိမှတ်ပြုကြောင်းနှင့် ပညာရေးလုပ်ငန်းစဉ်များနှင့် CDM ကိစ္စရပ်များအား အဆိုပါ မြို့နယ် ပညာရေးဘုတ်အဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

အဆိုပါ ကြေညာချက်တွင် ကရင်ပြည်နယ်မှ ကော့ကရိတ်မြို့နယ်၊ ချင်းပြည်နယ်မှ ပလက်ဝမြို့နယ်၊ ရှမ်းပြည်နယ်မှ သီပေါနှင့် နမ္မတူမြို့နယ်၊ ရန်ကုန်တိုင်းမှ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ စစ်ကိုင်းတိုင်းမှ ပုလဲမြို့နယ်၊ မကွေးတိုင်းမှ မင်းလှမြို့နယ်၊ ဧရာဝတီတိုင်းမှ မြောင်းမြမြို့နယ်နှင့် နေပြည်တော်က တပ်ကုန်းမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ် နှင့် ဇေယျာသီရိမြို့နယ် စသည့် ပြည်နယ်နှင့်တိုင်း ရှစ်ခုမှ မြို့နယ် ၁၃ မြို့နယ်အား ပညာရေးဘုတ်အဖွဲ့အဖြစ် အသိအမှတ်ပြုကြောင်း ထုတ်ပြန်ထားသည်။

ကျန်ရှိနေသည့် မြို့နယ်များအားလည်း မြို့နယ်ဘုတ်အဖွဲ့များ ဖွဲ့စည်းပြီးပါက ဖွဲ့စည်းပြီးဖြစ်ကြောင်း NUG-MOE အီးမေးလ်များသို့ ဆက်သွယ်ပေးပို့ရန်နှင့် ဆက်သွယ်လာမည့် ကျန်ရှိနေသည့် မြို့များအားလည်း အမျိုးသားညီညွတ်ရေးအစိုးရမှ အသိအမှတ်ပြုမည်ဖြစ်ကြောင်း ဆက်လက်ထုတ်ပြန်သွားမည်ဟု ကြေညာချက်တွင် ပါရှိသည်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ အွန်လိုင်းကျောင်း ၆၂ကျောင်းအား ကြားကလ အခြေခံပညာပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required