အနောက်တိုင်း ဒီမိုကရေစီယဉ်ကျေးမှုကို သင်ကြားခြင်းအား အရေးယူမည့် ပုဂ္ဂလိကပညာရေးဥပဒေရေးဆွဲထုတ်ပြန်ရန် စစ်ကောင်စီပြင်ဆင် 

By ရွှေနွယ်  မဇ္ဈိမ
01 March 2023
အနောက်တိုင်း ဒီမိုကရေစီယဉ်ကျေးမှုကို သင်ကြားခြင်းအား အရေးယူမည့် ပုဂ္ဂလိကပညာရေးဥပဒေရေးဆွဲထုတ်ပြန်ရန် စစ်ကောင်စီပြင်ဆင် 

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများတွင် အနောက်တိုင်း ဒီမိုကရေစီယဉ်ကျေးမှုကို ထည့်သွင်းသင်ကြားခြင်းနှင့် အခြားမလိုလားအပ်သော သင်ကြားမှုများကို ထိရောက်စွာ ဟန့်တားအရေးယူနိုင်ရန်အတွက် ပုဂ္ဂလိကပညာရေးဥပဒေရေးဆွဲထုတ်ပြန်ရန် စစ်ကောင်စီမှ ပညာရေးဝန်ကြီးဌာနသို့ ညွှန်ကြားထားကြောင်း သိရသည်။ 

စစ်ကောင်စီမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့တွင်ပြုလုပ်သော ညှိုနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ 

"ပုဂ္ဂလိကကျောင်းတွေမှာ ပန်းချီ၊ ဂီတ၊ အနုပညာ နဲ့ စာပေသင်ကြားမှုအပိုင်းတွေမှာ အနောက်တိုင်းယဉ်ကျေးမှုနဲ့နှီးနွှယ်တဲ့ သင်ကြားပြသမှုတွေမလုပ်ဖို့ ဖိအားပေးထားတာတွေရှိတယ်လို့ကြားတယ်၊ ပြောရရင် အရင်ကတည်းကလည်း ကျောင်းတွေမှာက သရုပ်ပျက်တွေ ဘာမှသင်ကြားနေတာမရှိပါဘူး၊ သင်သင့်သင်ထိုက်တာကိုပဲ သင်နေကြတာပါ၊ ဒါသူတို့က အကြောက်လွန်လို့ပြောနေတယ်လို့ပဲမြင်ပါတယ်" ဟု ပုဂ္ဂလိကကျောင်းတွင် တက်ရောက်သင်ကြားနေသူ ကျောင်းသားတစ်ဦး၏ မိဘမှ ပြောသည်။ 

ထို့အပြင် ပုဂ္ဂလိကကျောင်းများတွင် ထိုကဲ့သို့ဖိအားပေးညွှန်ကြားမှုများအပြင် CDM ဆရာ၊ ဆရာမများအား အလုပ်ခန့်ထားခြင်းမပြုရန်နှင့် ခန့်ထားသည်များရှိပါကလည်း ၎င်းတို့အားအသိပေးအကြောင်းကြားရန် ဖိအားပေးထားသည်များရှိသည်ကို ကြားသိရသည်ဟု အဆိုပါ  ကျောင်းသားမိဘမှ ပြောသည်။ 

မြန်မာနိုင်ငံတွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း အစိုးရကျောင်းများမှ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများသည် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ခဲ့ကြသည်။ 

ထို့နောက်တွင် အချို့သော ကျောင်းသူ၊ ကျောင်းသားများသည် ပုဂ္ဂလိကကျောင်းများတွင် ပြောင်းရွှေ့တက်ရောက်သူများရှိသကဲ့သို့ Online Education စနစ်ဖြင့် နိုင်ငံတကာသင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားနေသော ကျောင်းများတွင် တက်ရောက်သင်ကြားနေကြသူများလည်း ရှိသည်။ 

“လက်ရှိမှာက online ကျောင်းတွေရော ပြင်ပ ပုဂ္ဂလိကကျောင်းတွေရောက အရမ်းများနေတယ်၊ တချို့လည်း လိုင်စင်ရှိကြတယ်၊ တချို့လည်းလိုင်စင်မရှိကြဖူးပေါ့၊ အခုသူတို့ပြဋ္ဌာန်းမယ်ဆိုတဲ့ဥပဒေထဲမှာ ဒီလိုင်စင်ကိစ္စတွေလည်းပါလိမ့်မယ်လို့ယူဆတယ်၊ ဒီထက်ပိုပြီး ပုဂ္ဂလိကကျောင်းတွေအပေါ်မှာ တင်းကျပ်လာမယ်ဆိုရင်တော့ လုပ်ရကိုင်ရတာလည်းကျပ်လာမယ်၊ သင်ကြားရတာကမှ အစပေါ့" ဟု ပုဂ္ဂလိကကျောင်းတွင် စာသင်ကြားနေသူ ဆရာမတစ်ဦးက ပြောသည်။ 

ခေတ်မီလာသော နည်းပညာခေတ်တွင် အနောက်တိုင်းပညာရေး၊ အရှေ့တိုင်းပညာရေးဟုဆို၍မရကြောင်း၊ သူ့ခေတ်သူ့အခါနှင့်အညီ သင်သင့်သည်များကို သင်ပေးမှသာ တိုင်းပြည်ဟာ နောက်ကျကျန်နေမှာဟုတ်ကြောင်း အဆိုပါဆရာမက ပြောသည်။ 

စစ်အာဏာသိမ်းပြီးနောက် ငွေကြေးတတ်နိုင်သောမိသားစုများမှ  ကျောင်းသားလူငယ်များသည် နိုင်ငံရပ်ခြားတွင် သွားရောက်ပညာသင်ကြားမှုများ ပိုမိုများပြားလာခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီ၏ပညာရေးဝန်ကြီးဌာနမှကျင်းပမည့် တက္ကသိုလ်ဝန်ထမ်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခဲ့သူ ကျောင်းသားဦးရေ  ၂၈၀,၀၀၀ ကျော်ရှိခဲ့သော်လည်း ယခုနှစ်တွင် ဖြေဆိုရန်လျောက်ထားသည့် ကျောင်းသားဦးရေသည် ၂၀၀,၀၀၀ အောက်သာရှိသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required