ရန်ကုန်၊ နိုဝင်ဘာလ ၂၆ ။ ။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာကြိုးဝိုင်းအတွင်း အကွက်အမှတ်(၄) ဒေသအခေါ် (အောင်ကောင်း ချောင်း)တွင် တောဆင်ရိုင်းတစ်ကောင်သတ်ဖြတ်ခံခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
အသတ်ခံခဲ့ရသည့် တောင်ဆင်ရိုင်းမှာ အလျား ၇ ပေ၊ လုံးပတ် ၁၁ ပေ ၆ လက်မ၊ အမြင့် ၈ ပေရှိပြီးအသက် သက် ၁၅ နှစ်ခန့်ရှိသည့် ဟိုင်းဆင်အမျိုးအစားဖြစ်ပြီး ခန္ဓာကိုယ်၏ ၄ ပုံ ၃ ပုံခန့်မှာ အရေခွံခွာထားလျက် မြားဆူးဝင်ဒဏ်ရာ ၁ ချက်ဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါ တောဆင်ရိုင်းအား နိုဝင်ဘာလ ၂၅ ရက်နေ့ ၁၂ နာရီ အချိန်ခန့်တွင် သတင်းအရ ပုသိမ်သစ်တော လုံခြုံရေးရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ သေဆုံးမှုသည် ဆင်သတ်မုဆိုးများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ယူဆရသဖြင့် လက်ရှိတွင် ချောင်းသာ နယ်မြေရဲစခန်းတွင် ဇီဝမျိုးစုံမျိုးကွဲပုဒ်မ ၄၁(က)ဖြင့် အမှုဖွင့်ထားရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၈ နှစ်အတွင်း တောဆင်းရိုင်းကောင်ရေ ၁ဝ၈ ကောင်သတ်ဖြတ်ခံရပြီး ဆင်စွယ်များအပါအဝင် ဆင်သားရေ၊ ဆင်နှာမောင်းနှင့် ဆင်အသားများအား ရယူလိုမှုအတွက် သတ်ဖြတ်ခြင်းဖြစ်ကာ ဆင်ခိုးဂိုဏ်း များဖြင့် အုပ်စုဖွဲ့လုပ်လာကြကြောင်း၊ အများဆုံးကျူးလွန်သည့် ဒေသများမှာ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ တိုင်းဒေသကြီးတို့တွင်ဖြစ်ကြောင်း အောက်တိုဘာလအတွင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် တောင်ဆင်ရိုင်းကောင်ရေ ၂၅ဝဝ ခန့်နှင့် အိမ်မွေးဆင်ကောင်ရေ ၅ဝဝဝ ခန့်သာ ကျန်ရှိတော့ကြောင်း တာဝန်ရှိသူများက ခန့်မှန်းထားသည်။