ကချင် နှင့် ရှမ်းမြောက်တွင် ကေအိုင်အေ နှင့် တပ်မတော် တိုက်ပွဲပြင်းထန်ဟုဆို

ကချင် နှင့် ရှမ်းမြောက်တွင် ကေအိုင်အေ နှင့် တပ်မတော် တိုက်ပွဲပြင်းထန်ဟုဆို

ချင်းမိုင်၊ စက်တင်ဘာ ၁၈ ။ ။ ကချင်ပြည်နယ် ဗန်မော်ခရိုင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ တပ်များ နှင့် အစိုးရ စစ်တပ်တို့အကြား စက်တင်ဘာလ ၁၈ ရက်တွင် တိုက်ပွဲ ပြင်းထန်နေသည်ဟု ကေအိုင်အေတပ်မှ သိရသည်။

ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်ဒိန်းပါကျေးရွာတွင် လေးရက်မြောက်အဖြစ် စက်တင်ဘာလ ၁၈ ရက် နံနက် ၁၁ နာရီခွဲမှ ညနေပိုင်းထိ တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်ဟု သိရသည်။

“၁၁ နာရီခွဲကနေ စပြီး မုန်ဒိန်းပါမှာ တိုက်ပွဲဖြစ်တာ။ အစိုးရစစ်တပ်ဘက်က စစ်ကြောင်း ၂ ခု ၃ ခုဆိုတော့ အင်အား ၁၀၀ ကျော်ရှိမယ်။ သူတို့က ကျနော်တို့ နေတဲ့ဘက်မှာ လာလှုပ်ရှားနေတယ်ဆိုတော့ ဒီနေ့ဆိုရင် တိုက်ပွဲဖြစ်တာ လေးရက်ရှိသွားပြီ၊ ညနေထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြတယ်”ဟု KIA တပ်ရင်း ၁၂ မှ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်းအောင်က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်မှစတင်၍ ယနေ့ထိ KIA တပ်ရင်း ၁၂ နယ်မြေအတွင်း အစိုးရ စစ်တပ်များအင်းအား တိုးမြှင့်၍ လှုပ်ရှားလာသဖြင့် တိုက်ပွဲများ ၄ ရက်ကြာ နေ့စဉ် ဖြစ်ပွားနေခြင်း ဖြစ်သည်။

အစိုးရ စစ်တပ်ဘက်မှ နယ်မြေစိုးမိုးရေးလုပ်ဆောင်နေခြင်း ဖြစ်ပြီး အစိုးရဘက်မှ ဆုတ်ခွာသွားခြင်း မရှိပါက တိုက်ပွဲများ ဆက်လက် ပြင်းထန်လာဖွယ်ရှိနေသည်ဟု သူက ပြောသည်။

“တိုက်ပွဲက ပြင်းထန်တယ်လို့ ပြောရမှာပဲ။ ကျနော်တို့က ပျောက်ကြားနည်းနဲ့ ခုခံတိုက်ခိုက်နေတယ်။ ကျနော်တို့ဘက်ကလည်း ထိုးစစ်ဆင်တိုက်ခိုက်မယ် ဆိုရင်တော့ တိုက်ပွဲက ပိုပြင်းထန်လာနိုင်မယ်”ဟု သူက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် ဝင်းဆိုင် အခြေစိုက် အစိုးရစစ်တပ်က KIA တပ်မဟာ ၄ လက်အောက်ခံတပ်ရင်း ၃၆ နယ်မြေအတွင်း ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော်လည်း အစိုးရဘက်မ ၁၂၀ မမ လက်နက်ကြီးဖြင့် စက်တင်ဘာလ ၁၈ ရက် နံနက် ၈ နာရီမှ ၁၂ နာရီဝန်းကျင်ထိ ပစ်ခတ် တိုက်ခိုက်နေသည်ဟု တပ်မဟ ၄ မှ ဒုတပ်မမှူး ဗိုလ်မှူးကြီး ဇော်ဂမ်က မဇ္ဈိမကိုပြောသည်။

“ရင်ဆိုင်တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ အစိုးရဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာဘဲ။ ဝင်းဆိုင်ကနေ ၅၊ ၆ မိုင်လောက်ဝေးတဲ့ ကေအိုင်အေ တပ်ရင်း ၃၆ ရှိရာ လွိုင်ဂျွန်ဘွမ်ဘက်သို့ လက်နက်ကြီးနဲ့ ပစ်တယ်၊ အဲဒီလို လက်နက်ကြီးနဲ့ ပစ်ပြီးတော့ ကျနော်တို့ဘက် တက်လာနေတာ”ဟု သူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required