မင်းတုန်းမြို့နေ ပြည်သူများအတွက် သောက်သုံးရေ ရာနှုန်းပြည့် ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်

မင်းတုန်းမြို့နေ ပြည်သူများအတွက် သောက်သုံးရေ ရာနှုန်းပြည့် ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်

ဇွန် ၁၈၊ မကွေး ။           ။ မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နေပြည်သူများအတွက် သောက်သုံးရေရာနှုန်းပြည့် ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်နေကြောင်း မင်းတုန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  သိရသည်။

မင်းတုန်းမြို့တွင် ရပ်ကွက်(၄)ရပ်ကွက်ရှိပြီးအိမ်ခြေ(၁၃၀၅)အိမ် နှင့် လူဦးရေ(၄၇၃၇)ဦးနေထိုင်သော ပြည်သူများအတွက် သောက်သုံးရေ(၇၅)ရာခိုင်နှုန််းသာဖြန့်ဖြူးပေးနိုင်သဖြင့် ရာနှုန်းပြည့်ဖြန့်ဝေနိုင်ရေးလုပ်ငန်း များ ဆက်လက်လုပ်ဆောင်ရွက်နေကြောင်း မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးသိန်းဝင်း ကပြောသည်။

" ၂၀၁၈ခုနှစ် မီနီဘတ်ဂျက်(ဧပြီလမှ စက်တင်ဘာလထိ)မှာ  မော်တာနဲ့ပန့်နှစ်လုံးအသစ်ဝယ်ဖို့ ခွင့်ပြုချက်ကျ ထားပြီး ဖြစ်ပါတယ်။ စည်ပင်ကော်မတီ နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တာဝန်ရှိသူတွေ အစည်းအဝေး လုပ်ခဲ့ပြီးဖြစ်ပါတယ်။ ယခင်ကမြင်းကောင်ရေ ၃၀သုံး အင်ဂျင် ၊ မော်တာနဲ့ပန့်တွေအသုံးပြုပြီး ရ၅ ရာနှုန်းပဲ ရေပေးဝေနိုင်တဲ့အခြေအနေကနေ အသစ် ၀ယ်ယူဖြည့်တင်းမယ့် ပစ္စည်းတွေပြည့်စုံလာရင် ရာနှုန်းပြည့် ရေပေးဝေနိုင်တော့မှာပါ။ အမြန်ဆုံးဆောင်ရွက်သွားမှာပါ ” ဟု မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးသိန်းဝင်း ကပြောသည်။

မင်းတုန်းမြို့ပေါ်ရှိ ရပ်ကွက်(၄)၌ စည်ပင်ရေတိုင်(၇၉၅)တိုင်ရှိပြီး အမှတ်(၁)ရပ်ကွက်တွင် ရေတုံကင်တွင်း(၅၃) တွင်း၊ တွင်းကျယ်(၁၀)တွင်းရှိ၍ ရေဖြန့်ဝေရန်မလို အပ်သေးကြောင်း ၊ ဗုဒ္ဓဟူးနှင့်စနေနေ့များမှလွဲ၍ တစ်ပတ် လျင်(၅)ရက် ရေဖြန့်ဝေပေး နေကြောင်း မင်းတုန်းစည်ပင်မှသိရသည်။

“ မင်းတုန်းချောင်းရေကို ပေးဝေနေရတယ်။ အဝီစိတွင်းရေကို မပေးနိုင်ဘူး။ ကျောက်တွေ အင်မတန်ပေါများတဲ့ ဒေသဆိုတော့ တူးလို့မရဘူးဖြစ်နေတယ်။ မင်းတုန်းမြို့နယ်ထဲက ရွာတွေပါသွားတူးတာ တူးလို့မရဘူး။ စက်ကြီး တွေနဲ့ သွားတူး တာကို မရဘူး။ စေတုတ္တရာ နဲ့ မင်းတုန်းမြို့နဲ့က ပုံစံတူတယ်။ ကျောက်တွေပေါတော့ အဝီစိ တွင်းတူးလို့မရဘူး။ အဲတော့ ၁၂ ရာသီပတ်လုံးမခန်းတဲ့ မင်းတုန်းချောင်းရေကို အသုံးပြုနေရတာ ”ဟု၎င်းကပြောသည်။

နွေရာသီကာလများတွင် ပေးဝေသည့်ရေကောင်းသော်လည်း မိုးရာသီရေတက်လာချိန်မှာ၌ အနည်၊အနှစ်များ ကြောင့် ပေးဝေသည့်ရေမှာ ကော်ဖီရောင်ဖြစ်လာကာဖြစ်သဖြင့် အချိန်နာရီဝက်ခန့်ကြာမှအနည်ကျသွားကြောင်း ၊ရေစုပ်သည့်ဘီလူးခေါင်း များ အနည်အနှစ်များဖြင့်ပိတ်ဆို့ပြီး ပျက်စီးနိုင်သည့်အပြင် ၀န်ထမ်းအင်အား လိုအပ် ချက်များဖြည့်တင်းရန်ရှိနေ၍ ရေမီတာစနစ်အား အသုံးပြုနိုင်ခြင်းမရှိသေးကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required