စစ်ကိုင်းတိုင်း ဧက ၁၈၀၀ ကျော်ရေပေးနိုင်မည့် ရေလှောင်ကန်အား ပြန်လည်ပြုပြင်မည်

စစ်ကိုင်းတိုင်း ဧက ၁၈၀၀ ကျော်ရေပေးနိုင်မည့် ရေလှောင်ကန်အား ပြန်လည်ပြုပြင်မည်
 လယ်ဆည်ဝန်ကြီး ဦးကမ်ဇာမုံ

 

မုံရွာ၊ မတ် ၉။                 ။ စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်၊ ဧက ၁၈၀၀ ကျော်အား ရေပေးဝေနိုင်သော ပင်တင်း ရေလှောင်ကန်အား ပြန်လည်ပြုပြင်သွားမည်ဖြစ်ပြီး ကျပ် သန်း ၅၀၀ ခန့် ကုန်ကျနိုင်ကြောင်း သိရသည်။

ခင်ဦးမြို့နယ်၊ ပင်တင်းကျေးရွာအုပ်စုရှိ ပင်တင်းရေလှောင်ကန် အား ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေမှ တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှု အပေါ် မူတည်၍ ပြုပြင်သွားမည်   ဖြစ် ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပြောသည်။

"အဲ့ဒီကန်ကို ပြန်လည်ပြုပြင်မယ်ဆိုရင် ကန်တူးဖော်မှုအတွက် မြေကြီးကျင်း(၉၅၀၀၀)ခန့်၊ ရေလွှဲ မြောင်း တူးဖော်ခြင်းအတွက် မြေကြီးကျင်း (၂၀၀၀၀)ခန့်၊ ရေပိုလွှဲထုတ်ပြွန်တို့ကို   ဆောင်ရွက်ရမှာ   ဖြစ်ပါတယ်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဆောက်ရွက်ပေးသွားမှာ ဖြစ်ပါတယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက   ပြောသည်။

အဆိုပါရေလှောင်ကန်သည် ယခုအခါ ကန်ပေါင်ကြံ့ခိုင်မှုအားနည်းနေခြင်း၊ ရေထုတ်ပြွန် ပိတ်ဆို့ နေခြင်း၊ ရေထိန်းတံခါးမှာ ဆွေးမြေ့နေခြင်း၊ ရေပိုလွှဲမှုရေလွှဲမြောင်း မရှိသည့်အတွက် ပိုလျှံရေများ သည် လယ်ကွင်းထဲသို့စီး၍ လယ်မြေများရေနစ်မြှုပ်ခြင်း၊ စသည့်တို့ဖြစ်ပေါ်လျှက်ရှိပြီး ပြန်လည်ပြုပြင်မည်ဆိုပါက ကျပ်သန်း ၅၀၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ပြန်လည်ပြုပြင်ပြီးပါက စိုက်ပျိုးရာသီတွင် လယ်ယာမြေဧကများစွာအား စိုက်ပျိုးရေ ပေးဝေ နိုင်ပြီး များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ ဆည်မြောင်းဦးစီးဌာနလက်အောက်သို့ ထားရှိပြီး ထိန်းသိမ်းဆောင်ရွက်ပါက ပိုမိုသင့်လျှော်မည်ဖြစ်ကြောင်း၊ ခင်ဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းထွန်းက ပြောသည်။

ဆည်မြောင်းဦးစီးဌာနလက်အောက်သို့ထားရှိပြီး ထိမ်းသိမ်းဆောင်ရွက်ပါက ဒေသခံပြည်သူလူထု များနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ပြရန်လိုအပ်ကြောင်း၊ ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ဆက်လက်ပြောကြားသည်။

ပင်တင်းရေလှောင်ကန်ကို ဆည်မြောင်းဦးစီးဌာန လက်အောက်သို့ထားရှိပါက ရေလှောင်ကန် ပြုပြင်ထိန်းသိမ်းခြင်း၊ ခြုံနွယ်များရှင်းလင်းခြင်း၊ ကန်မျက်နှာပြင်နှင့် ဆင်ခြေလျှောကျောက်များ မြေဖို့ပြုပြင်ခြင်း၊ ရေအမှတ်ဖတ်ခြင်း၊ ရေထိမ်းတံခါးများ ပြုလုပ်ခြင်း၊ ရေပိုလွှဲတွင်သဲအိတ်များစီခြင်း၊ စသည့်လုပ်ငန်းများ နေ့စဉ်/လစဉ် လုပ်ကိုင်ရန်အတွက် နှစ်စဉ်ရန်ပုံငွေ ၆၀ ဒသမ ၇ သိန်းခန့် ထပ်မံကုန်ကျမည်ဖြစ်သည်။

ပင်တင်းရေလှောင်ကန်သည် ခင်ဦးမြို့နယ် ပင်တင်းကျေးရွာအရှေ့ဘက် မောရချောင်းပေါ်တွင် တည်ရှိပြီး ကန်အကျယ်အဝန်းမှာ ဧက ၁၀၀ ကျော်၊ ရေပိုလွှဲ ၂ ခု၊ ရေထုတ်ပြွန် ၅ ခုပါရှိကြောင်း၊ ရေသောက် ဧက ၁၈၀၀ ကျော်အား ရေပေးဝေနိုင်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required