မြန်မာ - အိန္ဒိယနယ်စပ် ရိဒ်ခေါဒါရ်မြို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထိန်းချုပ်

မြန်မာ - အိန္ဒိယနယ်စပ် ရိဒ်ခေါဒါရ်မြို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထိန်းချုပ်

အိန္ဒိယ-မြန်မာကုန်သွယ်ရေးလမ်းကြောင်းမှာရှိတဲ့ ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်း နှစ်ခုကို ချင်းအမျိုးသားတပ်မတော်ကဦးဆောင်ကာ ဒေသခံကာကွယ်ရေးတပ်များနှင့် ပူးပေါင်းပြီး နိုဝင်ဘာလ ၁၃ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ရိဒ်ခေါဒါရ်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ချင်းအမျိုးသားတပ်မတော် (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပြောကြားတာဖြစ်ပါတယ်။

 နိုဝင်ဘာ ၁၂ရက်ည ၁၁နာရီမှ စတင်ကာ စစ်ကောင်စီတပ်စခန်း ၂ခုကို တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစစ်ကောင်စီရဲ့စခန်းတွေဟာ CNF ရဲ့ဌာနချုပ်နဲ့နီးသလို အိန္ဒိယ-မြန်မာ အမှတ် ၂ ကုန်သွယ်ရေးလမ်းမှာရှိတာကြောင့် စစ်ကောင်စီက ကုန်သွယ်ရေး၊ စီးပွားရေးကိုဖြတ်တောက်တဲ့အတွက် သိမ်းခဲ့တာလို့လည်း ဆိုပါတယ်။

ဒီတိုက်ပွဲမှာ ချင်းအမျိုးသားတပ်ဦး (CNF)၊  ထန်တလန် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီအထိုင်စခန်းကို နိုဝင်ဘာ ၁၃ရက်နံနက်မှာ သိမ်းနိုင်ခဲ့ပြီး စခန်းငယ်ကို တိုက်ခိုက်စဉ် စစ်ကောင်စီက လေကြောင်းပစ်ကူခဲ့တာကြောင့် တစ်နေကုန်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရပါတယ်။

ယခုရိဒ်ခေါဒါရ်ကိုသိမ်းပိုက်နိုင်ခြင်းဟာ ချင်းပြည်နယ်မှာ ပထမဆုံးအကြိမ်မြို့သိမ်းတိုက်ပွဲ အောင်မြင်မှုရခြင်းဖြစ်တယ်လို့လည်းဆိုပါတယ်။

ရိခေါ်ဒါရ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်ရှိသူ နှစ်ဦး လက်နက်ချအညံ့ခံခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုဟာ အိန္ဒိယနိုင်ငံဘက်သို့ ကစင့်ကလျား ထွက်ပြေးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားတွေကို အိန္ဒိယ စစ်တပ်ကရဟတ်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်သွားတယ်လို့ The Chin Journalက ရုပ်သံမှတ်တမ်းနဲ့အတူ ဖော်ပြထားပါတယ်။

တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံ ငါးထောင်ကျော် အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လက်ရှိ ရိခေါ်ဒါရ်မြို့ အမှတ်(၁) နဲ့ အမှတ်(၂) ရပ်ကွက်ကို ဆက်သွယ်ထားတဲ့ လမ်းအားလုံးကို ပိတ်ထားပြီး ဖြတ်သန်းသွားလာတာတွေ မလုပ်ကြဖို့ ချင်းဒေသ ကာကွယ်ရေးအဖွဲ့ (ဟွာလ်ငိုရမ်အဖွဲ့)က နိုဝင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် စုစုပေါင်း ခြောက်သောင်းကျော်ရှိတယ်လို့ လည်းသိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required