ပိုက်ဆံအိတ် လက်ကိုင်ကိုင်းပုံစံ လုပ်ထားသည့် ရွှေ ၃၅ ကျပ်သားခန့် လေဆိပ်တွင် သိမ်းဆည်းရမိ

ပိုက်ဆံအိတ် လက်ကိုင်ကိုင်းပုံစံ လုပ်ထားသည့် ရွှေ ၃၅ ကျပ်သားခန့် လေဆိပ်တွင် သိမ်းဆည်းရမိ

 

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၆ ။             ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်လေဆိပ်တွင် အမျိုးသမီးတစ်ဦးထံမှ ပိုက်ဆံအိတ်ကိုင်းပုံစံ ပုံသွင်းပြုလုပ်ထားသည့် ရွှေ ၂ဝ ကျပ်သားအပါအဝင် စုစုပေါင်း ရွှေ ၃၅ ကျပ်သားထိ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၅ ရက်၊ နေ့လည် ၁၁ နာရီ၊ ၅၅ မိနစ်အချိန် ရန်ကုန်လေဆိပ် Terminal-1 X-Ray စက်တွင် MAI လေကြောင်းလိုင်းဖြင့် ရန်ကုန်မှ အိန္ဒိယနိုင်ငံ ဂါယာလေဆိပ်သို့ လိုက်ပါမည့် အသက် ၂၆ နှစ်အရွယ် မအိမွန်အောင်၏ ခရီးဆောင်အိတ်အတွင်းမှ ရွှေဟုယူဆရသည့် ပုံရိပ်တွေ့ရှိသဖြင့် စစ်ဆေးရာမှ အလေးချိန် ၃၅ ကျပ်သားရှိ ရွှေထည်များကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

လေဆိပ်အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မယတစု(၄၅)မှ တပ်ဖွဲ့ဝင်များနှင့် လေဆိပ်ဝန်ထမ်း များပါပူးပေါင်းအဖွဲ့များက စစ်ဆေးခဲ့ခြင်းဖြစ်သည်။

 မအိမွန်အောင်ဆိုသူ၏ အိတ်အတွင်းမှ ပိုက်ဆံအိတ်ကိုင်း ပုံသဏ္ဍာန် ရွှေ ၂ဝ ကျပ်သား၊ ဦးခေါင်းတွင် တပ်ဆင်ထားသော ဘီးကုတ်အတွင်း ဝှက်ပြီးသယ်ဆောင်လာသည့် ၁၃ ကျပ်သားခန့် ရွှေပြား ၁ ပြားနှင့် ယာဘက်လက်တွင် ဝတ်ဆင်ထားသည့် ၂ ကျပ်သားခန့်ရှိ ရွှေလက် ကောက် ၁ ကွင်း၊ စုစုပေါင်း ရွှေ ၃၅ ကျပ်သားတို့အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးပြောဆိုချက်အရ ယင်းရွှေများမှ ရွှေဘုံသာလမ်းရှိ ရွှေဆိုင်မှ အခေါက်ရွှေ ဝယ်ယူခဲ့ကာ ပုံသွင်းခဲ့ပြီး အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာသို့ရောက်ရှိပါက ရတနာဗောဓိကျောင်းတွင် ၇ ရက်ခန့်တည်းခို နေထိုင်ကာ ဝယ်လက်ရှာ ရောင်းချသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးထုတ်ပြန်ချက်တွင်ပါရှိသည်။

သိမ်းဆည်းရမိခဲ့သည့် ရွှေထည်များကို လေဆိပ်အကောက်ခွန်ဦးစီးဌာနမှ တားမြစ်ပစ္စည်းအဖြစ် သိမ်းဆည်း ခဲ့ခြင်းဖြစ်ပြီး သိမ်းဆည်းသည့် ရက်မှ ၂ ပတ်အတွင်း ပစ္စည်းပိုင်ရှင်က တရားဝင်တင်ပို့ခွင့်အထောက်အထား စာရွက်နှင့်အတူ ထုချေရှင်းလင်းရမည်ဖြစ်ကြောင်း သိရသည်။

ရွှေထည်များကို စာရွက်စာတမ်းများနှင့် ကိုက်ညီမှုရှိပါက ပြန်လည်ထုတ်ယူခွင့်ပြုသွားမည်ဖြစ်ပြီး ပထမ အကြိမ်လာရောက်ထုချေခြင်းမပြုပါက ၃ ကြိမ်ထိ အကြောင်းကြားစာပေးပို့သွားမည်ဖြစ်သည်။

နောက်ဆုံးချိန်ထိ လာရောက်ဖြေရှင်းထုတ်ယူခြင်းမရှိပါက ၁၈၇၈ ခုနှစ် ပင်လယ်ကြောင်း အကောက်ခွန်ဥပဒေ ၁၆၇ (၈) နှင့် ၁၉၂၄ခုနှစ် ကုန်းလမ်းအကောက်ခွန်ဥပဒေ၇(၁)တို့အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွား မည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required