ထားဝယ်အညာဖျား ရေအား လျှပ်စစ် စီမံကိန်းအား ဒေသခံများနှင့် ကုမ္ပဏီတို့ လက်ခံနိုင်မည့်ပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်နိုင်ဟုဆို

ထားဝယ်အညာဖျား ရေအား လျှပ်စစ် စီမံကိန်းအား ဒေသခံများနှင့် ကုမ္ပဏီတို့ လက်ခံနိုင်မည့်ပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်နိုင်ဟုဆို
ထားဝယ်အညာဖျား ရေအားလျှပ်စစ်စက်ရုံ လုပ်ကိုင်မည့် DELCO ကုမ္ပဏီက ထားဝယ်မြို့တွင် ဆောင်ရွက်ထားသည့် လမ်းစီမံကိန်းတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဘန်ကောက်ပို့စ်)

နေပြည်တော်၊ သြဂုတ် ၂၄ ။     ။ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့အရှေဘက် ၁၂ မိုင်ခန့်အကွာတွင် တည်ရှိသည့် အညာဖျား ရေအား လျပ်စစ်စီမံကိန်းအား ဒေသခံပြည်သူများနှင့် ယင်းစီမံကိန်းအား အကောင်အထည်ဖော်မည့် ကုမ္ပဏီတို့ ကျေနပ် လက်ခံနိုင်မည့်အပေါ်မူတည်၍  ဆက်လက်ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမော်သာထွေးက သြဂုတ် ၂၄ ရက်က လွှတ်တော်တွင်ဖြေကြားခဲ့သည်။

ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ၎င်းက " ဒေသခံကျေးရွာပြည်သူများနဲ့  လုပ်ငန်းဆောင်ရွက်ရမည့် ကုမ္ပဏီ တို့ကို တိုင်းဒေသကြီးအစိုးရအနေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိရာ ကနေ့အထိပြေလည်မှု မရရှိသေးလို့ သိရပါတယ်" ဟု ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး  လောင်းလုံမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ဦးအောင်စိုးက အညာဖျားရေအား လျှစ်စစ်စီမံကိန်း ဘာကြောင့်ရပ်ဆိုင်းခဲ့ရပါသလဲနှင့် ယင်းစီမံကိန်းအား ပုဂ္ဂလိက လုပ်ငန်းရှင်အဖြစ်သော်၎င်း အစိုးရအနေဖြင့်သော်၎င်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် ရှိ မရှိသိရှိလိုကြောင်း မေးမြန်းရာတွင် ဒုတိယ ဝန်ကြီး ဦးမော်သာထွေးက ယင်းကဲ့သို့ဖြေကြား ခဲ့ခြင်းဖြစ်သည်။

တနင်္သာတိုင်းဒေသကြီးတွင် အဓိကလိုအပ်ချက်မှာ လျှပ်စစ်ဖြစ်ပြီး ပြီးခဲ့သည့် အစိုးရ သက်တမ်း တစ်လျောက်တွင် အင်ဂျင်ဖြင့်ပေးသည့် လျှပ်စစ်ဓါတ်အားကို တစ်ယူနစ် ၅၀၀ ကျပ်ဖြင့် သုံးစွဲခဲ့ရကြောင်း၊ လျှပ်စစ်ကို ချိုသာသည့် ဈေးနှုန်းဖြင့် ပြည်မနှင့် နည်းတူ သုံးစွဲခွင့် ရရန်အတွက်ဆိုလျင် ရေအားလျှပ်စစ်မှသော်၎င်း မဟာဓာတ်အားလိုင်းမှသော်၎င်း ရရှိမှသာ ဈေးသက်သာမည် ဖြစ်သည့်အတွက်ကြောင့် ယင်း မေးခွန်းအား မေးမြန်းရခြင်းလည်း ဖြစ်ကြောင်းလည်း ဦးအောင်စိုးက လွှတ်တော်တွင် ပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းကို သဘာ၀ စွမ်းအင်လှိုင်း ကုမ္ပဏီက ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် လုပ်ငန်းများကို စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ယင်းစီမံကိန်း အကောင်အထည် ဖော်ရာတွင်  ကျေးရွာအချို့ ပြောင်းရွှေ့ရမည် ဖြစ်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက် နိုင်ခြင်း၊ ရေနစ်မြုပ်နိုင်ခြင်း စသည်ဖြင့် ဒေသခံပြည်သူများ နစ်နာမှု များ ရှိစေ၍ ဒေသခံ ၁၃၉၈ ဦးက လက်မှတ်ရေးထိုး၍  နိုင်ငံတော်သမ္မတထံ အသနားခံ တင်ပြလာခဲ့ရာ  တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ  ညှိနှိုင်းဆောင်ရွက်ဆောင်ရွက်ပေးသော်လည်းပြေလည်မှု မရရှိသေးဟုလည်း ဝန်ကြီးက လွှတ်တော်တွင် ပြောသည်။

အညာဖျား ရေအားလျှပ်စစ်မံကိန်းကို အစိုးရနှင့် DELCO ကုမ္ပဏီတို့  ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင်  နားလည်မှု စာချွန်လွာ (MOU ) လက်မှတ်ရေးထိုးခဲ့ပြီး  ယင်း သဘောတူချက်အရ စီမံကိန်း အချိန်မီ ပြီးစီးရေးအတွက်  သဘာဝစွမ်းအင်လှိုင်းကုမ္ပဏီအမည်ဖြင့် ကုမ္ပဏီအသစ်ဖွဲ့စည်၍   ၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် ပဋိဉာည် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်ဟုလည်း ဝန်ကြီး၏ ဖြေကြားမှုတွင် ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required