NLD ကို များများ ဝေဖန်ကြဖို့ ပြောခွင့်ရ ပုဂ္ဂိုလ်ဆို

NLD ကို များများ ဝေဖန်ကြဖို့ ပြောခွင့်ရ ပုဂ္ဂိုလ်ဆို
ဓာတ်ပုံ - သူရ/မဇ္ဈိမ

 

ရန်ကုန် ၊ ဖေဖော်ဝါရီ ၃ ။             ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) ပါတီဝင်များအချင်းချင်း ဝေဖန်ထောက်ပြပြောဆိုမှုများ ပြုလုပ်ရန် လိုအပ် နေပြီး အဖွဲ့အစည်းတစ်ခု အုပ်စုတစ်စုအတွက် လုပ်ဆောင်နေခြင်းမျိုး မဖြစ်ရန် အရေးကြီးသည်ဟု NLD ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောဆိုလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ဝေဖန်ပါ။ ကျွန်တော်တို့အဖွဲ့အစည်းတစ်ရပ် အုပ်စုတစ်စုအတွက် ပြောတာဆိုတာ လုပ်တာကိုင်တာ မဖြစ်စေဖို့ အရေးကြီးတယ်။ ဒီမိုကရေစီကိုလိုချင်တဲ့အတွက် ဒီမိုကရေစီနည်းကျ ထိတွေ့ဆက်ဆံမှုကနေ အကျိုးရလာဒ်တွေ ထွက်အောင် ကြိုးစားဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်" ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ယနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့၌ ရန်ကုန်မြို့ရှိ မင်းဓမ္မလမ်း MCCခန်းမတွင် ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ရန်ကုန်တိုင်းဒေသကြီး၏  (၈) ကြိမ်မြောက် တိုင်းခရိုင်မြို့နယ် စုံညီတွေ့ဆုံပွဲအခမ်းအနား တွင် ဦးဉာဏ်ဝင်းက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD CEC တစ်ဦးဖြစ်သူ ဦးဟံသာမြင့်ကလည်း အစိုးရ၊ လွှတ်တော် အစရှိသည့် မဏ္ဍိုင်သုံးရပ်မှာ တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ထိန်းသိမ်းရန် လိုအပ်နေသည်ဟု အဆိုပါတွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။

"ကျွန်တော်တို့တောင်းဆိုခဲ့ကြတာက မဏ္ဍိုင်သုံးရပ်ခိုင်းသမျှလုပ်ဖို့မဟုတ်ပါဘူး။ မဏ္ဍိုင်သုံးရပ်က တစ်ယောက်နဲ့ တစ်ယောက်ထိန်းကွပ်ဖို့ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကဘာလဲဆိုတော့ အာဏာကိုအကြွင်းမရှိသုံးတာကို ထိန်းချုပ်ဖို့ဆိုတာ ကျွန်တော်တို့အစကတည်းကလိုခဲ့တယ်။ အခုလည်း လိုဦးမှာပဲ။ ဒီအပေါ်မှာမူတည်ပြီး တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ထိန်းချုပ်ရေးဆိုတာ ရှိဖို့လည်း လိုအပ်တယ်" ဟု ဦးဟံသာမြင့်က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ရန်ကုန်တိုင်းဒေသကြီး၏ တိုင်း ၊ ခရိုင်၊ မြို့နယ် ကိုယ်စားလှယ်များ၏ စုံညီတွေ့ဆုံပွဲ ကျင်းပလာသည်မှာ ယခုဆိုလျှင် (၈) ကြိမ်အထိ ရှိလာနေပြီး ယနေ့တွေ့ဆုံပွဲတွင် တိုင်း ၊ခရိုင်၊ မြို့နယ်အလိုက်မှ နိုင်ငံရေးအကြံပြုစာတမ်းများ ဖတ်ကြားတင်သွင်းသွားမည်ဖြစ်သည်။

ယနေ့ တွေ့ဆုံဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ၊ ဦးဟံသာမြင့် ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ၊ မြို့နယ် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required