ဇန်နဝါရီ ၁၅၊ စပိန် ။ ။ ဘာစီလိုနာအသင်းက ဆိုစီဒက်အသင်းကို ၂-၄ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ မက်ဆီဟာ နောက်ဆုံးပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဒီဂိုးဟာ မက်ဆီရဲ့ ၃၆၆ ဂိုးမြောက် လာလီဂါသွင်းဂိုးဖြစ်ပါတယ်။ ဒီဂိုးကို မက်ဆီဟာ ၂၅ ကိုက်အကွာမှာရရှိတဲ့ ပြစ်ဒဏ်ဘောကနေ ကန်သွင်းယူခဲ့တာပါ။ ဒီဂိုးကြောင့် မက်ဆီဟာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟောင်း ဂတ်မူလာကိုကျော်ဖြတ်ပြီး ဥရောပထိပ်တန်းလိဂ်ငါးခုမှာ လိဂ်သွင်းဂိုးအများဆုံးကစားသမားလည်း ဖြစ်လာခဲ့ရပါတယ်။
ဘိုင်ယန်တိုက်စစ်မှူးဟောင်း ဂတ်မူလာဟာ ၁၉၆၄ ခုနှစ်ကနေ ၁၉၇၉ ခုနှစ်အထိ ဘွန်ဒက်စ်လီဂါမှာ ၄၂၇ ပွဲကစားခဲ့ပြီး ၃၆၅ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီစံချိန်ဟာ နှစ်ပေါင်းများစွာတည်တံ့ခဲ့ပြီးတဲ့နောက် မက်ဆီရဲ့ ချိုးဖျက်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီဟာ ဘာစီလိုနာအသင်းမှာ ၂၀၀၄ ခုနှစ်က စတင်ကစားခဲ့ပြီး လာလီဂါပွဲပေါင်း ၄၀၁ ပွဲမှာ ၃၆၆ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာလည်း ဒီပွဲမှာ ဆိုစီဒက်ကို အနိုင်ရခဲ့တာကြောင့် ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ရှုံးပွဲမကြုံသေးတဲ့ပထမဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိနေပါတယ်။
ရည်ညွှန်း မာကာ